စစ်ကိုင်းနဲ့ မန္တလေးတိုင်းက ရွာအချို့ဆက်တိုက်မီးရှို့ခံနေရ

RFA Burmese
2023.03.23
စစ်ကိုင်းနဲ့ မန္တလေးတိုင်းက ရွာအချို့ဆက်တိုက်မီးရှို့ခံနေရ မတ္တရာမြို့နယ် ပိုဝ(မြောက်)ရွာ မီးလောင်ကျွမ်းနေသည်ကို ၂၀၂၃ ခုနှစ် မတ်လ ၂၂ ရက်က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နဲ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက ရွာတချို့မှာ မတ်လ ၂၂ ရက်နဲ့ ၂၃ ရက်တွေမှာ စစ်ကောင်စီတပ်ဖွဲ့က ရွာထဲစီးနင်းပြီး နေအိမ်တွေ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

မတ်လ ၂၂ ရက် မနေ့က မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ဘက်အခြမ်းက ပိုဝ (မြောက်) ရွာကို စစ်ကောင်စီ တပ်တွေ မီးရှို့လို့ နေအိမ် ၇၀ နီးပါး မီးလောင် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အိမ်ခြေ ၃၇၀ ရှိတဲ့ ပိုဝ(မြောက်)ရွာမှာ နေအိမ် ၇၀ နီးပါးက စစ်ကောင်စီတပ်က မီးရှို့လို့ပျက်စီးခဲ့ရတဲ့အကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“မနက် ၈ နာရီကျော်လောက်မှာ အိမ်တွေကို မီးစရှို့တာ။ မီးရှို့ပြီး စစ်ကြောင်းက ပြန်ထွက်တော့ နေ့လယ်တစ်နာရီလောက်မှာ မီးဝင်ငြှိမ်းတယ်။ တချို့အိမ်တွေဆို ဘာမှကို မကျန်တော့တာ မီးလောင်ထားတာ။ ရွာသားတွေကတော့ နေ့ဘက်ဆို ရွာထဲပြန်ဝင်ပြီး စားဖို့သောက်ဖို့လုပ်ကြ။ စိုက်ပျိုးရေးလုပ်ကြတာပေါ့။ ညဘက်ရောက်ရင် ရွာမှာမနေရဲလို့ ထွက်ပြေးကြရနဲ့ဖြစ်နေတာ”

အခုတော့ နေအိမ်တွေမီးရှို့သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ပိုဝ(မြောက်)ရွာနဲ့ နှစ်မိုင်ဝန်းကျင်းမှာ တပ်စွဲထားတယ်လို့ သူကပြောပါတယ်။

အင်အား ၁၀၀ နီးပါးလောက်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မတ္တရာမြို့နယ်ထဲကို ပြီးခဲ့တဲ့ မတ်လ အစောပိုင်းကတည်းက စစ်ကြောင်းထိုးနေတာပါ။

အလားတူ မတ်လ ၂၃ ရက် ဒီနေ့မနက်ပိုင်းမှာလည်း စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြကန်ရွာကို အင်အား ၅၀ လောက်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့က ရွာထဲစီးနင်းပြီး နေအိမ်တွေကို မီးရှို့နေတယ်လို့ ခင်ဦးဒေသခံတွေက RFA ကိုပြောပါတယ်။

နေအိမ်တွေမီးရှို့ခံရပေမယ့် စစ်ကောင်စီတပ်တွေ ရှိနေသေးတာကြောင့် ပျက်စီးမှု အခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။

မြကန်ရွာထဲ ဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ရွာသစ်ကုန်းမှာ တပ်စွဲထားတဲ့ အဖွဲ့ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလို စစ်ကြောင်းထိုးလာတာကြောင့် မြကန်၊ အင်းပါတ်နဲ့ ကုန်းသာရွာက ဒေသခံ နှစ်ထောင်နီးပါး ထွက်ပြေးနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ခင်ဦးဒေသခံတစ်ဦးက ပြောပါတယ်။

နေအိမ်တွေမီးရှို့ခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ပြောခွင့်ရသူတွေဖြစ်တဲ့ မန္တလေးတိုင်း စီးပွားရေးဝန်ကြီး ဦးသိန်းဌေး၊ စစ်ကိုင်းတိုင်း လူမှုရေးဝန်ကြီး ဦးအေးလှိုင်တို့ကို RFA ကဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့တာဟာ သူတို့လက်ချက် မဟုတ်ဘဲ PDF တွေကသာလုပ်နေတာလို့ ယခင်က တုံ့ပြန်ငြင်းဆိုထားပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်အထိ စာရင်းတွေအရ စစ်ကိုင်းတိုင်းထဲကနေအိမ် ၄၇,၀၀၀ ကျော်နဲ့ မန္တလေးတိုင်းထဲက နေအိမ် ၄၀၀ နီးပါး မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။