ယင်းမာပင်နဲ့ ဆားလင်းကြီးမှာ စစ်ကြောင်းထိုးလို့ ဒေသခံတစ်သောင်းကျော် ထွက်ပြေး

RFA Burmese
2023.01.25
ယင်းမာပင်နဲ့ ဆားလင်းကြီးမှာ စစ်ကြောင်းထိုးလို့ ဒေသခံတစ်သောင်းကျော် ထွက်ပြေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းထိုးသောကြောင့် ထွက်ပြေးနေရသူများအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းရေးလုပ်နေတာကြောင့် ဇန်နဝါရီလ ၂၄ ရက်ကစလို့ ဇန်နဝါရီလ ၂၅ ရက်အထိ ကျေးရွာ ၁၃ ရွာက အရပ်သား တစ်သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ယင်းမာပင်မြို့နယ် မြောက်ဘက်ခြမ်းက ရွာတွေနဲ့ နယ်မြေထိစပ်နေတဲ့ ဆားလင်းကြီး မြို့နယ်က ရွာတချို့မှာနေထိုင်တဲ့ အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေရတာလို့ ယင်းမာပင်မြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

"မနေ့ကမနက် ၁၁ နာရီကစလို့ စစ်ကြောင်းထိုးလိုက်တာ ဒီနေ့ထိ ပြေးနေရတဲ့ အခြေအနေပေါ့။ လက်ရှိလည်း ထန်းတောကြီးရွာနားက တောတိုက်ထဲမှာ မီးရှို့နေတယ်။ မီးခိုးတွေမြင်နေရတယ်"

ယင်းမာပင်မြို့နယ် ကျေးစာကျ၊ လှေကုန်း၊ ထန်းတောကြီး၊ စည်လောင်ချောင်း၊ ရေကြည်ပင်၊ ရွာသစ်၊ ရွာဟောင်း၊ မြရိပ်၊ မြစိန်း ရွာတွေနဲ့ ဆားလင်းကြီးမြို့နယ်က ရွာသာ၊ ဒုံးတော၊ ဂုဏ်တောနဲ့ ကံကုန်းရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

အခု နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကောင်စီစစ်ကြောင်းက အင်အားတစ်ရာဝန်းကျင် ရှိပြီး ဇန်နဝါရီလ ၂၃ ရက်ကလည်း ယင်းမာပင်မြို့နယ်က ပတိန်ပြင်နဲ့ အင်းဘက်ရွာ အပါအဝင် ရွာတချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မီးလောင်ပျက်စီးမှု အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကတော့ စစ်ကိုင်းတိုင်းအတွင်း လတ်တလောဖြစ်ပျက်နေတဲ့ လုံခြုံရေးအခြေအနေတွေကို မသိသေးဘူးလို့ RFA ကို ဇန်နဝါရီလ ၂၅ ရက်မနက်ပိုင်းမှာ ပြောဆိုပါတယ်။

သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ရဲ့ ဇန်နဝါရီလ ၂၄ ရက် ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းမှာ အာဏာသိမ်း နှစ်နှစ်နီးပါးအတွင်း နေအိမ်၊ အဆောက်အအုံ ၄၃,၂၁၆ လုံး မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။

ဒီအပြင် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းက ဒေသခံ ခြောက်သိန်းခွဲကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။