စစ်ကိုင်းမှာ လူထုဆန္ဒပြမှုတွေ ပိုအားကောင်းဖို့ တိုင်းအဆင့် သပိတ်ကော်မတီဖွဲ့စည်း

RFA Burmese
2023.10.01
စစ်ကိုင်းမှာ လူထုဆန္ဒပြမှုတွေ ပိုအားကောင်းဖို့ တိုင်းအဆင့် သပိတ်ကော်မတီဖွဲ့စည်း ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်ထားရှိပေးဖို့ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် လူငယ်အင်အားစု သပိတ်ကော်မတီမှဦးဆောင်ပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြစဉ်။
ချောင်းဦးမြို့နယ်လူငယ်အင်အားစု သပိတ်ကော်မတီ

စစ်ကိုင်းတိုင်းက သပိတ်အင်အားစုတွေစုပေါင်းပြီး ပိုမိုအားကောင်းတဲ့ လူထုသပိတ်တွေလုပ်ဖို့ စစ်ကိုင်းတိုင်း သပိတ်အင်အားစု လုပ်ငန်းကော်မတီကို ဖွဲ့စည်းလိုက်တယ်လို့ အောက်တိုဘာ ၁ ရက်နေ့က ထုတ်ပြန်ပါတယ်။

လူထုလှုပ်ရှားမှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဖွဲ့စည်းလိုက်တာလို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုခန့်ဝေဖြိုးက ပြောပါတယ်။

"အဓိကတော့ လမ်းမတွေပေါ်က သပိတ်တိုက်ပွဲတွေရယ်၊ နောက်တစ်ခုက ကျွန်တော်တို့ ဘူးသပိတ်ကိစ္စတွေပေါ့၊ စစ်တပ်ဝင်ငွေဖြတ်တောက်ရေး လှုပ်ရှားမှုတွေရယ်၊ ကျွန်တော်တို့ တော်လှန်ရေးနည်းနာတွေမှာ ပြည်သူလူထုတွေ နည်းလမ်းအမျိုးမျိုးနဲ့ ပါဝင်နိုင်ရေး လုပ်ငန်းစဉ်တွေ၊ အဲလုပ်ငန်းစဉ်တွေမှာ အကုန် ပူးပေါင်းဆောင်ရွက်ဖို့အတွက် ရည်ရွယ်တာပါ"

စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်နေတဲ့ စစ်ကိုင်းတိုင်းက သပိတ်ကော်မတီဝင်တွေဟာ အောက်တိုဘာ ၁ ရက်နေ့က အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးပြီး စစ်ကိုင်းတိုင်း သပိတ်အင်အားစု လုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့တာပါ။

စစ်ကိုင်းတိုင်းမှာ ပုံစံမျိုးစုံနဲ့ လူထုလှုပ်ရှားမှုတွေဆောင်ရွက်နေတဲ့ သပိတ်အင်အားစု လေးဆယ်ဝန်းကျင်ရှိပါတယ်။ အွန်လိုင်းကပြုလုပ်တဲ့ အစည်းအဝေးကို ၃၆ ဖွဲ့တက်ရောက်ခဲ့ပြီး သုံးဖွဲ့ကတော့ အင်တာနက်အခက်အခဲကြောင့် မတက်ရောက်နိုင်ခဲ့ဘူးလို့ ဆွေးနွေးပွဲ စီစဉ်သူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းက သပိတ်အင်အားစုတွေဟာ ရပ်တည်ချက်တူသူတွေပေါင်းပြီး တော်လှန်ရေးခရီးကို ရှေ့ဆက်နိုင်ဖို့ စစ်ကိုင်းတိုင်း သပိတ်အင်အားစု လုပ်ငန်းကော်မတီကိုဖွဲ့စည်းခဲ့တဲ့အပြင် လူထုတိုက်ပွဲနည်းနာပိုင်းဆိုင်ရာ မူဝါဒ ရေးဆွဲရေး ကော်မတီ ကိုလည်း ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။

အခုဖွဲ့စည်းလိုက်တဲ့ ကော်မတီကနေ ရန်ကုန်၊ မန္တလေးနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ လူထုလှုပ်ရှားမှု သပိတ်အင်အားစုတွေနဲ့ပေါင်းပြီး လုပ်နိုင်တဲ့ကိစ္စတွေ ပေါင်းလုပ်သွားမယ်လို့လည်း စစ်ကိုင်းတိုင်း သပိတ်ကော်မတီက ဆိုပါတယ်။

လူထုသပိတ်ကော်မတီတွေ ပူးပေါင်းတာကို ကြိုဆိုကြောင်းနဲ့ ဒီလိုပူးပေါင်းတာဟာ တော်လှန်ရေးအရှိန်အဟုန် ပိုမိုကြီးမားပြီး နွေဦးတော်လှန်ရေး အောင်မြင်မှုရဖို့အတွက် အထောက်အကူပြုမယ်ဆိုတာ ယုံကြည်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုး NUG ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောပါတယ်။

စစ်အာဏာရှင်တော်လှန်ရေးမှာ သပိတ်လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်နေတဲ့ ဒေါက်တာတေဇစန်းကလည်း ဒီလို လူထုသပိတ်ကော်မတီတွေ စုပေါင်းလိုက်တာဟာ စစ်ကိုင်းမှာ ပိုမိုကျစ်လျစ်ပြီး လူထုတော်လှန်ရေးတွေကို ပိုမိုလုပ်လာနိုင်မယ်လို့ မှတ်ချက်ပြုပါတယ်။

စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုတွေ အားကောင်းသလို လူထုဆန္ဒပြလှုပ်ရှားမှုသပိတ်တွေလည်း အားကောင်းတဲ့ ဒေသဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။