စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရဲစခန်း ဒရုန်းနဲ့ ဗုံးခွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရွာက ရဲစခန်းကို စက်တင်ဘာလ ၁၀ ရက် မနေ့က နေ့လယ် ၁၂ နာရီမှာ ဒရုန်းနဲ့ဗုံးနှစ်ကြိမ်ခွဲပြီး တိုက်ခိုက်ခဲ့တယ်လို့ Black Dragon ကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာ ၁၁ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
ဒရုန်းနဲ့ ပထမအကြိမ် ဗုံးခွဲတိုက်ခိုက်ချိန်မှာ ဒဏ်ရာရခဲ့တဲ့ စစ်ကောင်စီ တပ်သားတွေကို အရေးပေါ်ကားနဲ့ ဆေးရုံပို့ဖို့ပြင်နေတုန်း ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး၊ သုံးဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။ ထိခိုက်သေဆုံးမှု အခြေအနေနဲ့ ပတ်သက်လို့ RFA က စစ်ကောင်စီ စစ်ကိုင်းတိုင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ဒေသခံတစ်ဦးကတော့ ဒီတိုက်ခိုက်မှုကြောင့် ညောင်ပင်ဝန်းရဲစခန်းမှာ လုံခြုံရေးနှစ်ဆ တိုးမြှင့်ထားတာ တွေ့ရတယ်လို့ဆိုပါတယ်။
"ဒီနေ့ ရဲစခန်းကို လုံခြုံရေးတွေ တိုးထားတယ်၊ ရဲစခန်းထဲလည်း ဘယ်သူမှ အဝင် မခံသေးဘူး ဆိုပြီး အကုန်နှင်လွှတ်တယ်၊ ရဲစခန်းက အရင်ကလည်း သူတို့ လုံခြုံရေး ကောင်းတယ်၊ ရဲစခန်း အရှေ့ဖက်လမ်းမကြီးတော့ ဒေသခံတွေ ဖြတ်သန်းသွားလို့ ရပေမယ့် ကျန်တဲ့ ဘေးပတ်ပတ်လည်ကြတော့ ရဲစခန်းနား ကပ်လို့တောင် မရဘူး"
ထိခိုက်ဒဏ်ရာရသူတွေကို ဘယ်လိုကုသမှုပေးနေလဲ အတိအကျ မသိရပေမယ့် သေဆုံးသွားတဲ့ စစ်ကောင်စီ တပ်သားနှစ်ဦးကိုတော့ ယနေ့ စက်တင်ဘာလ ၁၁ ရက်မှာ သင်္ဂြိုဟ်ဖို့ ပြင်ဆင်နေတယ်လို့ သူက ပြောပါတယ်။
ညောင်ပင်ဝန်းရဲစခန်းမှာ စစ်ကောင်စီတပ်သားနဲ့ ရဲ စုစုပေါင်း အင်အား ၅၀ ကျော်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေဟာ ဒရုန်းမှာ ဗုံးသီးလုံး ချိတ်ဆွဲပြီး စစ်ကောင်စီ တပ်တွေ စခန်းချတဲ့နေရာတွေနဲ့ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်နေတာပါ။
ပြီးခဲ့တဲ့ ၁၈ လအတွင်း စစ်ကိုင်းတိုင်းမှာ ဒရုန်းနဲ့ တိုက်ခိုက်တာ အပါအဝင် တိုက်ခိုက်မှုပေါင်း ၄,၀၂၆ ကြိမ် ဖြစ်ပေါ်ခဲ့တယ်လို့ စစ်ကောင်စီက သတင်း ထုတ်ပြန်ထားပါတယ်။