စလင်းမှာ ရွာနှစ်ရွာ မီးရှို့ခံရ

RFA Burmese
2025.03.13
စလင်းမှာ ရွာနှစ်ရွာ မီးရှို့ခံရ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းတိုက်နယ်ရှိ ကျေးရွာများအတွင်း စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်မီးရှို့မှုကြောင့် မီးလောင်နေသည့် နေပူခံကျေးရွာကို ၂၀၂၅ ခုနှစ် မတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

မကွေးတိုင်း စလင်းမြို့နယ် ကျပင်း(မြောက်)ရွာနဲ့ နေပူခံရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က မတ်လ ၁၂ ရက်နေ့ ညနေပိုင်းကစလို့ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၁၃ ရက်နေ့ မနက်ပိုင်းအထိ အိမ်ခြေတစ်ရာကျော်ရှိတဲ့ နေပူခံရွာက တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးသွားပြီး ကျပင်း မြောက်ရွာက နေအိမ်မီးလောင်တဲ့ အရေအတွက်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“နေပူခံရွာကတော့ ပြာကျသွားပြီ။ ကျပင်းကတော့ ဒီလောက်မဟုတ်သေးဘူး။ ကျပင်းမှာလည်း တပ်စွဲထားတော့ ရွာတွေအနားကို ကပ်လို့မရဘူး။ ကျပင်းနဲ့ နေပူခံဆိုတာလည်း ခြံစည်းရိုးပဲ ခြားတဲ့ရွာတွေ ဖြစ်နေတာ”

အင်အားနှစ်ရာခန့်ရှိတဲ့ စစ်ကောင်စီတပ်က ကျပင်း(တောင်)ရွာ မယ်နံ့သာကုန်း၊ ကျပင်း မြောက်ရွာ ကြက်ရိုးတောင်ကုန်းနဲ့ နှစ်ရွာ အလယ်က ကျပင်း အ.ထ.က (ခွဲ) စာသင်ကျောင်းမှာ တပ်စွဲထားတယ်လို့ သူက ပြောပါတယ်။

မတ်လ ၉ ရက်နေ့က စစ်ကောင်စီတပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စလင်း-ဆိပ်ဖြူ ကားလမ်းက ရွာတွေကို စစ်ကြောင်းထိုးတာနဲ့ တပ်စွဲနေထိုင်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိနေတာကြောင့် လူရှစ်ထောင်ခန့်လည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရပါဘူး။

လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar က မတ်လ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းလေးနှစ်အတွင်း နိုင်ငံတစ်ဝန်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ပေါင်း တစ်သိန်းတစ်သောင်းကျော် (၁၁၃,၁၀၄ လုံး) ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။