ဆမီးမြို့က စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော် နေရပ်ပြန်ရမည်

RFA Burmese
2023.03.17
Share on WhatsApp
Share on WhatsApp
ဆမီးမြို့က စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော် နေရပ်ပြန်ရမည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ရှိ စည်ပင်သာယာရုံးဝင်းအတွင်းမှာ ဖွင့်လှစ်ထားသည့် စစ်ဘေးဒုက္ခသည်စခန်းကို ၂၀၂၀ ခုနှစ်၊ မေလ ၂၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ရှိ စစ်ဘေးဒုက္ခသည်‌ တစ်ထောင်ကျော် ကို နေရပ်ပြန်ဖို့ စစ်ကောင်စီက မတ်လ ၁၇ ရက်နေ့ မနက်ပိုင်းမှာ ပြောဆိုခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီနေ့မနက်မှာ စစ်ကောင်စီနဲ့ စစ်ဘေးဒုက္ခသည်တွေပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ပလက်ဝမြို့ စစ်ကောင်စီရဲ့ စစ်တပ်အရာရှိ ဗျူဟာမှူးဆိုသူက မတ်လကုန် နောက်ဆုံးထား နေရပ်ပြန်ဖို့ပြောခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆမီး စစ်ဘေးဒုက္ခသည်တစ်ဦး က ပြောပါတယ်။

"ဒီမနက် ကိုးနာရီအချိန်မှာ ဗျူဟာမှူးနဲ့ စစ်ဘေးဒုက္ခသည် အစည်းအဝေးလုပ်တယ်။ အဲဒီမှာ ဗျူဟာမှူးက စစ်ဘေးရှောင်စခန်းမှာ နေလို့မရတော့ဘူး။ နေရပ်ပြန်ဖို့ပြောတယ်။ ဒီလကုန် နောက်ဆုံးထားပြန်ကြဖို့ ပြောပါတယ်"

စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့အတွက် စစ်ကောင်စီက လူတစ်ဦးကို ပိုက်ဆံ ကိုးထောင်နှုန်းအပြင် အိမ်ထောင်စုတစ်ခုကို ကျပ်ငွေ တစ်သိန်းခွဲစီ ထောက်ပံ့ကြေး ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေရပ်ရွာတွေမှာ တိုက်ပွဲလက်ကျန် မိုင်းတွေရှိနေပြီး လက်ရှိအချိန်ထိ မိုင်းမရှင်းလင်းရ‌သေး တာကြောင့် နယ်မြေမလုံခြုံတဲ့အတွက် စိုးရိမ်ပူပန်နေရတယ်လို့လည်း ဆမီးမြို့ စစ်ဘေး ဒုက္ခသည်တစ်ဦးက ပြောပါတယ်။

"ကျနော်တို့က မပြန်ချင်လို့မဟုတ်ဘူး။ ပြန်ရင် နယ်မြေမလုံခြုံတာ၊ စစ်ကျန်လက်နက် တွေ မရှင်းသေးတာတွေကြောင့် မပြန်ချင်သေးတာ။ ဒီမှာ စစ်ရှောင်ရတာကြာပြီ‌ဆိုတော့ ရွာမှာ အိမ်ပြန်ဆောက်နေရမယ်။ အခက်အခဲဖြစ်တာပေါ့"

စစ်ဘေးဒုက္ခသည်‌တွေအနေနဲ့ နေရပ်မပြန်ခဲ့ရင် အကူအညီအထောက်အပံ့တွေကို ပေးတော့မှာမဟုတ်ဘူးလို့ စစ်ကောင်စီဘက်က ပြောကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို ဖိအားပေး နေရပ်ပြန်ခိုင်းတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ချင်းပြည်နယ်ရဲ့ စစ်ကောင်စီပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်‌မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

ဆမီးမြို့ပေါ်မှာ စစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၃၀၀ ကျော်ရှိပြီးတော့ လူဦးရေ တစ်ထောင်ကျော်ရှိတယ်လို့ ဆမီးမြို့ စစ်ဘေးဒုက္ခသည် ကူညီပေးနေသူတွေက ပြောပါတယ်။

ချင်းပြည်နယ် တစ်ခုလုံးမှာတော့ စစ်ဘေးရှောင်ရတဲ့ အရေအတွက်ဟာ ခြောက်သောင်း ဝန်းကျင် ရှိတယ်လို့ ချင်းပြည်နယ်အရေး လေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။