MOGE ကို အမေရိကန်ကုမ္ပဏီက ပစ္စည်းတွေဆက်လက်ရောင်းချနေ
2024.04.02
အမေရိကန် ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Schlumberger (ဆလမ်ဘာဂျေး) ကုမ္ပဏီဟာ စစ်ကောင်စီလက်အောက်ခံ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ဆီကို ရေနံတူးဖော်ရေး ပစ္စည်းကိရိယာတွေ ရောင်းချပေးနေတယ်လို့ Justice for Myanmar အဖွဲ့က ဧပြီလ ၂ ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
ကုန်သွယ်ရေး အချက်အလက်တွေကို ခြေရာခံလိုက်ကြည့်ရာမှာ Schlumberger Vietnam Services ကုမ္ပဏီဟာ MOGE မန်နေဂျင်း ဒါရိုက်တာထံ ၂ဝ၂၃ ခုနှစ် ဇွန်လနဲ့ နိုဝင်ဘာလထဲမှာ နှစ်ကြိမ်ကုန်တင်ပို့ခဲ့ပြီး၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွင်းတွေမှာ အသုံးပြုတဲ့ ကေဘယ်ကြိုးတိုင်းတာဖို့ လေဆာချိန်ညှိကိရိယာတွေ ပို့ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီက တစ်နှစ်ကို ဝင်ငွေသန်းနဲ့ချီရနေတဲ့ MOGE လုပ်ငန်းကို ၂ဝ၂၂ ခုနှစ်အစောပိုင်းမှာ ဥရောပသမဂ္ဂ (အီးယူ) က ဒဏ်ခတ်ပိတ်ဆို့ခဲ့ပြီး၊ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ သုံးနိုင်ငံပေါင်းကတော့ ၂ဝ၂၃ ခုနှစ် အောက်တိုဘာလကုန်မှာ အရေးယူဒဏ်ခတ်ထားတာပါ။
ကမ္ဘာ့အကြီးဆုံး ကမ်းလွန်ရေနံတူးဖော်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Schlumberger ကုမ္ပဏီဟာ ဒဏ်ခတ်ပိတ်ဆို့ထားတာကို လိုက်နာဖို့ ပျက်ကွက်နေတယ်လို့ Justice for Myanmar အဖွဲ့က ထောက်ပြပါတယ်။ Schlumberger ကုမ္ပဏီဘက်ကိုတော့ RFA က လတ်တလော ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။
MOGE ဟာ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်ထဲမှာ Schlumberger ကုမ္ပဏီထံ ငွေပေးချေမှု အကြိမ်များစွာ လုပ်ခဲ့တယ်လို့လည်း Justice for Myanmar အဖွဲ့က ပြောပါတယ်။ ပနားမားအခြေစိုက် ကုမ္ပဏီခွဲဖြစ်တဲ့ Schlumberger Logelco ဟာလည်း မြန်မာနိုင်ငံမှာ လုပ်ငန်းခွဲတစ်ခုရှိပြီး၊ အခုအချိန်ထိ မှတ်ပုံတင်ထားတယ်လို့ ဆိုပါတယ်။
Justice for Myanmar အဖွဲ့ဟာ စစ်ကောင်စီနဲ့ စီးပွားရေးတွဲလုပ်နေတဲ့ နိုင်ငံတကာကုမ္ပဏီတွေကို လေ့လာစောင့်ကြည့် ဖော်ထုတ်နေတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး၊ အမေရိကန်အပါအဝင် တခြားနိုင်ငံတွေက ရေနံလုပ်ငန်းဝန်ဆောင်မှု ကုမ္ပဏီ ၂၂ ခုဟာ စစ်ကောင်စီကို ထောက်ပံ့နေတယ်လို့ ဖော်ထုတ်ထားပါတယ်။