စစ်ကောင်စီကို ပိတ်ဆို့အရေးယူဖို့ ဗြိတိန်ရောက် မြန်မာတွေ ဆန္ဒပြတောင်းဆို

RFA Burmese
2024.03.13
စစ်ကောင်စီကို ပိတ်ဆို့အရေးယူဖို့ ဗြိတိန်ရောက် မြန်မာတွေ ဆန္ဒပြတောင်းဆို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့က ဗြိတိန်ရောက် မြန်မာနိုင်ငံသားတွေမှ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့တွင် စစ်ကောင်စီအားအရေးယူဖို့ ဆန္ဒပြတောင်းဆိုခဲ့စဉ်။
Burma Campaing UK

စစ်ကောင်စီကို ထိထိရောက်ရောက်အရေးယူဖို့အပါအဝင် အကူအညီလိုအပ်နေသူတွေကို တိုက်ရိုက်ကူညီနိုင်တဲ့အစီအစဉ်တွေရေးဆွဲဖို့ ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသား တစ်ရာနီးပါးက ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းကို မတ်လ ၁၃ ရက်နေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့မှာ အဓိက အချက် လေးချက်ကို ဆန္ဒပြတောင်းဆိုခဲ့တယ်လို့ ဆန္ဒပြပွဲဦးဆောင်တဲ့ Stars of Myanmar Friendship အဖွဲ့က မဂျူလီခိုင်က RFA ကို ပြောပါတယ်။

"ပထမအချက်က မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)တို့ကို ပိတ်ဆို့အရေးယူမှုတွေ မြန်မြန်လုပ်ပေးဖို့ပါ၊ ဒုတိယအချက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဗြိတိန်က အမြဲတမ်းအဖွဲ့ဝင်ဖြစ်တာကြောင့် ဗြိတိန်ကဦးဆောင်ပြီး ကုလနဲ့ တရုတ်အပါအဝင် ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးပြီး မြန်မာ့အရေးအတွက် ဖြစ်နိုင်တဲ့ဆုံးဖြတ်ချက်တစ်ခုကို နိုင်ငံတကာအနေနဲ့ ဆောင်ရွက်ပေးဖို့ပါ၊ တတိယအချက်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေဟာ လိုအပ်နေသူတွေထံ တိုက်ရိုက်ရောက်ဖို့ NUG အပါအဝင် တိုင်းရင်းသားအဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံဖို့နည်းလမ်းတွေကို စဉ်းစားဖို့ တောင်းဆိုပါတယ်၊ စတုတ္ထအချက်အနေနဲ့ အသက်ပေးပြီးတိုက်ပွဲဝင်နေတဲ့ Generation Z လို့ခေါ်တဲ့ လူငယ်တွေအတွက် ကျည်ကာ အင်္ကျီနဲ့ ကျည်ကာဦးထုပ်တွေကို ဗြိတိန်နိုင်ငံအနေနဲ့ ကူညီထောက်ပံ့ပေးဖို့တောင်းဆိုပါတယ်။"

မြန်မာစစ်ကောင်စီကို လက်နက်ကိုင်တိုက်ပွဲဝင်နေသူတွေအတွက် ကျည်ကာ အင်္ကျီနဲ့ ကျည်ကာဦးထုပ်တွေ ထောက်ပံ့ပေးရေး နိုင်ငံတကာကို ဝိုင်းဝန်းတောင်းဆိုကြဖို့လည်း ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို Stars of Myanmar Friendship အဖွဲ့က တိုက်တွန်းပါတယ်။

ဆန္ဒပြသူတွေရဲ့ အိတ်ဖွင့်ပေးစာကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းတစ်ဦးက လက်ခံပြီး ဝန်ကြီး ဒေးဗစ်ကင်မရွန်းထံ ရောက်အောင်ပို့ပေးမှာဖြစ်ကြောင်း ပြောသွားတယ်လို့ မဂျူလီခိုင်က ပြောပါတယ်။

ဒီတောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး ဗြိတိန်အစိုးရအနေနဲ့ တစ်ပတ် သို့မဟုတ် နှစ်ပတ်အတွင်းမှာ အကြောင်းပြန်ကြားလေ့ရှိတယ်လို့လည်း ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။