နယ်မြေရှင်းလင်းရေးကြောင့် ဆားလင်းကြီးက ဒေသခံတစ်သောင်းကျော် ထွက်ပြေး

2023.02.04
Share on WhatsApp
Share on WhatsApp
နယ်မြေရှင်းလင်းရေးကြောင့် ဆားလင်းကြီးက ဒေသခံတစ်သောင်းကျော် ထွက်ပြေး စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျေးရွာတစ်ရွာမှ ပြည်သူများ ထွက်ပြေးနေရသည်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့က တွေ့ရစဉ်။
Regional Friend Fighters

စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျေးရွာ (၂၀) နီးပါးက အရပ်သားတစ်သောင်းကျော်ဟာ ဖေဖော်ဝါရီလ ၄ ရက်က ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၁၅၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်သားတွေက ဆားလင်းကြီးမြို့နယ်၊ မြောက်ဘက်ခြမ်းကရွာတွေကို နယ်မြေရှင်းလင်းရေးလုပ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီလ ၃ ရက်မှာလည်း စစ်ကောင်စီတပ်သားတွေက ဆားလင်းကြီး - ညောင်ပင်ကြီး ကားလမ်း ဆားလင်းကြီးမြို့အဝင်မှာ ကျွဲခိုတောရွာဒေသခံ အသက် ၃၀ အရွယ် ကိုမြင့်ဝေကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သူက ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေက ဘာကြောင့် အခုလို ပစ်သတ်ခဲ့တယ်ဆိုတာ မသိရဘူးလို့ ပြောပါတယ်။

ဖေဖော်ဝါရီလ ၄ ရက် ဒေသခံတွေ ထွက်ပြေးရတဲ့ရွာတွေထဲမှာတော့ ဆားထုံး၊ တောကျောင်း၊ လက်ပံကျွန်း၊ မယ်ဇလီကန်၊ ဒူးထောက်၊ ပိုင်းတောင့်ကြီး၊ ကျောက်မှော်၊ အုတ်ရှစ်ပြား၊ ထန်းပု၊ ထန်းဇင်၊ ခံကုန်း၊ ဘင်္ဂါး စတဲ့ရွာတွေ ပါဝင်ပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးအေးလှိုင်ကို RFA က ဖေဖော်ဝါရီလ ၄ ရက် ညနေပိုင်းမှာ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ အစီရင်ခံစာမှာတော့ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးဒုက္ခသည် ခြောက်သိန်းခွဲနီးပါး ရှိတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။