ဆားလင်းကြီးမှာ စစ်ကြောင်းဝင်လာလို့ ဒေသခံတစ်ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးရ
2023.01.16

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ကို ဇန်နဝါရီလ ၁၅ ရက်နေ့ကစပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ချင်းတွင်းမြစ်ကမ်းတစ်လျှောက်ရွာတွေက ဒေသခံတစ်ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၇၀ ခန့်ပါ စစ်ကြောင်းဟာ ၁၅ ရက်နေ့ညက ရွှေလှံရွာမှာ စခန်းချညအိပ်ခဲ့ပြီး ၁၆ ရက်နေ့မနက်မှာ ၃၀ ခန့် ကြေးနီစီမံကိန်းလုပ်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီဝင်းထဲ ပြန်သွားခဲ့ပေမယ့် ကျန်တဲ့စစ်ကောင်စီ တပ်သားတွေက ချင်းတွင်းမြစ်ကမ်းတစ်လျှောက် ရွာတွေဘက် စစ်ကြောင်းဆက်ထိုးခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
ဒါကြောင့် ရွှေလှေ၊ လက်ပံတောင်း၊ ဝဲကြီး၊ ဝဲကွဲ၊ နတ်ကျွန်းတောင်၊ နတ်စက်၊ ခံကုန်း၊ ထန်းဇင်၊ ထန်းပု၊ မယ်ဇလီကန်၊ လက်ပံကျွန်း၊ တောကျောင်း၊ ဆားထုံး စတဲ့ ရွာတွေက ဒေသခံတစ်ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေကတော့ စစ်ကြောင်းလာလိုက် ပြေးလိုက်ဖြစ်နေပြီး လက်ရှိမှာလည်း ဆားထုံးရွာမှာ ပိတ်မိနေသူတချို့ ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ရွှေလှေနေ စစ်ကြောင်းထိုးလာတော့ တစ်မနက်တည်းကို ပြေးကြရတာပေါ့။ တချို့ကလည်း ကြိုရှောင်နေတဲ့ သူတွေရှိတယ်။ ဆားထုံးကတော့ ရုတ်တရက် လေယာဉ်လာလိုက်တော့ ရွာထဲမှာပိတ်မိနေတဲ့ သူတွေလည်းရှိတယ်။ စစ်ကြောင်းက တောင်ကလာရင် မြောက်ကိုပြေး၊ မြောက်ကလာရင် တောင်ကိုပြေး အဲဒီလို ပြေးနေရတာပေါ့"
စစ်ကောင်စီတပ်စစ်ကြောင်းဟာ ဇန်နဝါရီလဆန်းပိုင်းကစပြီး ကြေးနီစီမံကိန်း အနီးတစ်ဝိုက်က ရွာတွေကို စစ်ကြောင်းထိုးနေတာကြောင့် ဒေသတွင်းကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီလ ၁၆ ရက် ဒီနေ့မနက်မှာလည်း ဆားထုံးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ပါ အသုံးပြုတိုက်ခိုက်တာကြောင့် PDF တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လေကြောင်းပစ်ကူပေးခဲ့တာကြောင့် အသက် ၂၄ နှစ်အရွယ် PDF အမျိုးသားတစ်ဦး သေဆုံးခဲ့တာလို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“တိုက်ပွဲပြီးခါနီးမှာ ရဟတ်ယာဉ်က ရောက်လာပြီး ပစ်တော့တာပဲ။ လေကြောင်းက ပစ်တာမှာ ကျနော်တို့ ဘက်က ပြည်သူ့ရဲဘော်တစ်ယောက် ကျတယ်။ သူတို့ဘက်က လည်း အကျအဆုံးများနိုင်တယ်”
တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်စစ်ကြောင်းက ဆားလင်းကြီးမြို့ပေါ်ကို ပြန်ဆုတ်ခွာ သွားတယ်လို့ သူက ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းဆက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့မရခဲ့ပါဘူး။
စစ်ကြောင်းဝင်ရောက်ခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့ကနေ ၈ ရက်နေ့ထိ သုံးရက်အတွင်းက လည်း ဘင်္ဂါး၊ ဖောင်းကတာ၊ ကျောက်ဖြူတိုင်၊ ကိုင်းရွာနဲ့ မိုးကြိုးပြင် (မြောက်) ရွာက နေအိမ် ၂၀၇ လုံး မီးရှို့ ဖျက်ဆီးခံရပြီး လူတစ်ထောင်လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီလ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့တွေမှာလည်း ကျောက်မှော်၊ ပိုင်းတောင့်ကြီးနဲ့ ဖောင်းကား (တောင်) ရွာတို့ ထပ်မံမီးရှို့ခံရပြီး မီးလောင်ပျက်စီးသွားတဲ့ နေအိမ်အရေ အတွက်ကိုတော့ မသိရသေးပါဘူးလို့ ဆိုပါတယ်။
မီးလောင်မှုကိစ္စတွေကို စာရင်းပြုစုနေတဲ့ Data for Myanmar အဖွဲ့ရဲ့ စာရင်းအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ စစ်ကိုင်းတိုင်းမှာ နေအိမ် ၂၇,၄၉၆ လုံး မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ စာရင်း တွေအရ စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းက ဒေသခံ ခြောက်သိန်းခွဲကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။