ဂျပန်အစိုးရအထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါ ရခိုင်ဒုက္ခသည်စခန်းကိုသွားရောက်

RFA Burmese
2023.02.04
ဂျပန်အစိုးရအထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါ ရခိုင်ဒုက္ခသည်စခန်းကိုသွားရောက် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါအား ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌနဲ့ ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါဟာ ဖေဖော်ဝါရီလ ၄ ရက် နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ စစ်ဘေးဒုက္ခသည်စခန်းမှာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မစ္စတာဆာဆာကာဝါက စစ်ဘေးဒုက္ခသည်တွေကို ဆောင်းတွင်းမှာလိုအပ်တဲ့ အသုံးအဆောင်တွေ လှူဒါန်းခဲ့တယ်လို့ မြောက်ဦးဒေသခံက ပြောပါတယ်။

"မြောက်ဦးကနေ ဆယ်မိုင်လောက်ဝေးတဲ့ ဒုက္ခသည်စခန်းကို လာတယ်။ ဒုက္ခသည် စခန်းထဲကလူတွေအတွက် ဆောင်းတွင်းဝတ်အသုံးအဆောင်တွေ ပါကင်လိုက် ဖြန့်ပေးတယ်"

မစ္စတာဆာဆာကာဝါက စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြားက တိုက်ပွဲတွေရပ်စဲဖို့အတွက် ကြားဝင်ဆောင်ရွက်ပေးခဲ့သူဖြစ်ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်မှာပဲ တစ်ကျော့ပြန်တိုက်ပွဲတွေ ရပ်စဲသွားခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့ AA တို့ရဲ့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်တွေမြို့နယ်၊ ပေါက်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်နဲ့ အမ်းမြို့နယ်တို့မှာ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ခံခဲ့ကြရပြီး ဒေသခံ ၂ သန်းကျော်ဟာ စားဝတ်နေရေး အခက်တွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။