ဆောင်းဖွေးဒုက္ခသည်စခန်းကို စစ်ကောင်စီတပ် လေကြောင်းနဲ့ ဗုံးကြဲ

RFA Burmese
2023.09.08
ဆောင်းဖွေးဒုက္ခသည်စခန်းကို စစ်ကောင်စီတပ် လေကြောင်းနဲ့ ဗုံးကြဲ ဖယ်ခုံမြို့နယ် ဆောင်းဖွေးရွာဆေးရုံအနီးရှိ စစ်ဘေးဒုက္ခသည်စခန်းအား တွေ့ရစဉ်။ (ယခင်ပုံအဟောင်း)
မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ထဲမှာရှိတဲ့ ဆောင်းဖွေးဒုက္ခသည်စခန်းကို စက်တင်ဘာလ ၈ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

နေ့လယ် ၁ နာရီ ၁၀ မိနစ်လောက်မှာ ဂျက်တိုက်လေယာဉ်နဲ့ သုံးကြိမ်လာရောက်ပြီး ဗုံးငါးလုံးကြဲချခဲ့ရာမှာ ဒုက္ခသည်စခန်း အဆောက်အအုံနဲ့ ပေ ၅၀ အကွာ ပြောင်းစိုက်ခင်း ထဲကို ကျရောက်ပေါက်ကွဲခဲ့ တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ ဒေသခံတစ်ဦးက ပြောပါ တယ်။

“စစ်ဘေးရှောင်စခန်းကို ဗုံးလာကြဲတာ။ လူတွေကတော့ ကတုတ်ကျင်းထဲမှာ အချိန်မီ ဝင်ပုန်းနိုင်လိုက်တော့ ထိခိုက်တာတော့မရှိဘူး။ အခုရက်ပိုင်း ဒီဘက်တစ်ကြောမှာက ဘာတိုက်ပွဲမှလည်းမရှိဘူး။ ဒီအတိုင်း ရည်ရွယ်ချက်ရှိရှိ ဗုံးလာကြဲသွားတာ”

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က မေးမြန်းတဲ့အခါ လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေဖြစ်လို့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးကသာ သိရှိနိုင်ပြီး သူ့အနေနဲ့ မသိရှိသေးကြောင်း ပြန်လည်ဖြေဆိုပါတယ်။

၂၀၂၃ ခုနှစ် ဧပြီလ ၂၅ ရက်နေ့ကလည်း ဆောင်းဖွေးဒုက္ခသည်စခန်းအနီးက ဆောင်းဖွေး ဆေးရုံကို စစ်ကောင်စီ တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ဆေးရုံတက် မီးဖွားနေတဲ့ မွေးလူနာ အမျိုးသမီးတစ်ဦး သေဆုံးပြီး သူနာပြုတစ်ဦးအပါအဝင် လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီဗုံးကြဲတိုက်ခိုက်မှုနောက်ပိုင်း ဒုက္ခသည်တွေကိုလည်း ဘေးလွတ်ရာကို ရွှေ့ပြောင်း သွားတာတွေရှိနေပြီး လက်ရှိမှာတော့ ဒုက္ခသည်စခန်းမှာ လူတစ်ရာကျော် နေထိုင်နေ တယ်လို့ ဆိုပါတယ်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ စက်တင်ဘာလ ၁ ရက်နေ့အထိ စာရင်းတွေအရ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းနဲ့ ကယားပြည်နယ် အတွင်းမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၆၁၉ ကြိမ်လုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။