ဖမ်းဆီးခံထားရတဲ့ မိတ္ထီလာက ပရဟိတသမားနဲ့ မိသားစုတစ်စုလုံး အဆက်သွယ်မရ

RFA Burmese
2023.05.09
ဖမ်းဆီးခံထားရတဲ့ မိတ္ထီလာက ပရဟိတသမားနဲ့ မိသားစုတစ်စုလုံး အဆက်သွယ်မရ မိတ္ထီလာမြို့မှ ပရဟိတသမား စောပါဗလုနှင့် မိသားစုအား တွေ့ရစဉ်။
Citizen Journalist

မန္တလေးတိုင်း မိတ္ထီလာမြို့မှာနေထိုင်တဲ့ ပရဟိတသမား စောပါဗလု အပါအဝင် ဇနီးနဲ့ အသက်မပြည့်သေးတဲ့ ကလေးသုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး ဒီနေ့အထိ ဘာသတင်းမှမရဘူးလို့ မိတ္ထီလာမြို့ခံတွေက မေလ ၉ ရက် ဒီနေ့ RFA ကို ပြောပါတယ်။

ဆီးချိုရောဂါနဲ့ ဆေးကုသမှုခံယူနေရတဲ့ ဇနီးသည် နော်ဆဲဖော်၊ သမီးသုံးဦးဖြစ်တဲ့ ကိုးနှစ်အရွယ် နော်ရေဗက္ကာ ဗလုဖော၊ ခြောက်နှစ်အရွယ် နေဟေဇဲဗလုဖောနဲ့ ငါးနှစ်အရွယ် နေလေဒီယာဗလုဖောတို့ကိုပါ ဖမ်းသွားတာလို့ ဆိုပါတယ်။

မေလ ၁ ရက်နေ့က မိတ္ထီလာမြို့ အောင်ဇေယျရပ်ကွက်ကနေအိမ်မှာ လာရောက် ဖမ်းဆီးသွားတာဖြစ်ပြီး ဒီနေ့ထိ အဆက်အသွယ်မရဘူးလို့ မိတ္ထီလာမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ညနေ ၅ နာရီလောက်မှာ အစ်ကို့ကို အရင်ဖမ်းသွားတယ်။ ခဏလည်းနေရော သူဇနီးနဲ့ ကလေးသုံးယောက်ကို လာဖမ်းသွားတယ်။ ဖမ်းသွားပြီးတော့ ချည်မျှင်နဲ့အထည်စက်ရုံ ဘေးနားက စရဖ ရုံးမှာထားတယ်။ အခုကတော့ ဘယ်လိုအခြေအနေရှိတယ်ဆိုတာ မသိရတော့ဘူး။ အခုထိလည်း အဆက်အသွယ်မရတော့ဘူး”

ဘာကြောင့်ဖမ်းဆီးသွားလဲဆိုတာ မသိရသေးသလို ဒီနေ့အထိ အဆက်သွယ်မရတာကြောင့် စိတ်ပူနေကြရပြီး ကလေးတွေနဲ့ ဆီးချိုရောဂါသည်မိခင်ရဲ့ ကျန်းမာရေးအတွက်ပါ စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့မိသားစုဟာ မိတ္ထီလာမြို့မှာ မူကြိုကျောင်းဖွင့်ထားပြီး နွမ်းပါးသူ ကိုယ်ဝန်ဆောင် မိခင်တွေရဲ့ ကျန်းမာရေးနဲ့ ကလေးသူငယ်တွေရဲ့ပညာရေးကို ကူညီစောင့်ရှောက်မှုပေးနေတဲ့အပြင် တခြားပရဟိတ ကူညီမှုတွေကိုပါ လုပ်ဆောင်နေကြသူတွေလို့ မိတ္ထီလာမြို့ခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ် မေလ ၈ ရက်နေ့ထိ စာရင်းအရ ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူ ၁၇၇၅၀ ဦးဖမ်းဆီးခံထား ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။