ရှောင်တာနဲလ်ရဲ့ ထောင်တွင်းအတွေ့အကြုံစာအုပ်မိတ်ဆက်

2024.06.09
ရှောင်တာနဲလ်ရဲ့ ထောင်တွင်းအတွေ့အကြုံစာအုပ်မိတ်ဆက် ပါမောက္ခရှောင်တာနဲလ်ရေးသားသည့် စာအုပ်မိတ်ဆက်ပွဲနှင့် ဒေါ်အောင်ဆန်းစုကြည် ၇၉ နှစ်ပြည့် မွေးနေ့အကြိုဆုတောင်းပွဲကို အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ်တွင် ၂၀၂၄ ခုနှစ် ဇွန်လ ၈ ရက်နေ့က ကျင်းပခဲ့စဉ်။
Gemunu Amarasinghe/RFA

သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခရှောင်တာနဲလ်ရေးသားတဲ့ ‘An unlikely prisoner’ စာအုပ်မိတ်ဆက်ပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် ၇၉ နှစ်ပြည့် မွေးနေ့အကြိုဆုတောင်းပွဲကို အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ်မှာ ဇွန်လ ၈ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးလည်းဖြစ်တဲ့ ရှောင်တာနဲလ်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရပြီး၊ နေပြည်တော်အချုပ်ထောင်နဲ့ ရန်ကုန် အင်းစိန် အကျဉ်းထောင်တွေမှာ ရက်ပေါင်း ၆၅ဝ ကြာ ချုပ်နှောင်ခံခဲ့ရပါတယ်။

မြန်မာပြည်ရဲ့အရေးကို နိုင်ငံတကာက ပိုအာရုံစိုက်လာအောင် ဒီစာအုပ်ရေးသားခဲ့တာလို့ ရှောင်က ဆိုပါတယ်။

ဒီစာအုပ်ထဲမှာ နေပြည်တော်အချုပ်ထောင်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ အခြေအနေတွေကိုလည်း ထည့်သွင်းရေးသားထားပါတယ်။

မစ္စတာရှောင်တာနဲလ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ဟာ သိပ်ကြာကြာခံတော့မှာ မဟုတ်ဘူးလို့ ယုံကြည်ကြောင်း စာအုပ်မိတ်ဆက်ပွဲမှာ RFA ကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့နိုင်ငံရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိနေဆဲဖြစ်ပြီး၊ ပြန်လွတ်လာတဲ့အခါ ပိုကောင်းတဲ့ အနာဂတ်နိုင်ငံရေးမှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေကြောင်းလည်း သူက ပြောပါတယ်။

စာအုပ်မိတ်ဆက်ပွဲနဲ့ မွေးနေ့အကြိုဆုတောင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း အပါအဝင် ဝါရှင်တန်ဒီစီနားတစ်ဝိုက်မှာနေတဲ့ မြန်မာတွေ တက်ရောက်ခဲ့ပါတယ်။

ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်မှာချုပ်နှောင်ဖမ်းဆီးထားလဲဆိုတာ မသိရှိရတာကြောင့် စိုးရိမ်တယ်လို့ ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက် ၁၉ ခုနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပြီး၊ နောက်ပိုင်းမှာ ထောင်ဒဏ် ၂၇ နှစ်ကို လျှော့ချပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်မှာဖမ်းဆီးထိန်းသိမ်းထားလဲဆိုတာ စစ်ကောင်စီဘက်က တရားဝင်ထုတ်ပြန် ပြောဆိုတာမရှိပါဘူး။ RFA ရဲ့ လေ့လာစုံစမ်းချက်အရ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်အချုပ်ထောင် တစ်နေရာမှာ ဖမ်းဆီးခံနေရဆဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လာမဲ့ ဇွန်လ ၁၉ ရက်နေ့မှာ အသက် ၇၉ နှစ်ပြည့်မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။