ဆိပ်ဖြူမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး
2024.04.14

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ရှားလှကျေးရွာမှာ ဧပြီလ ၁၄ ရက် မနေ့ညနေက စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်ခုနစ်လုံး ပျက်စီးခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဆိပ်ဖြူဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ဗုံးတစ်လုံးကြဲပြီး စက်သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ရှားလှရွာ စာသင်ကျောင်းအနီးမှာနေထိုင်တဲ့ အသက် ၅၃ နှစ် အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တာလို့ ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှားလှရွာခံတစ်ဦးကတော့ နှစ်ဖက်တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာလို့ RFA ကို ပြောပါတယ်။
“ဆိပ်ဖြူအနောက်ဘက်အခြမ်း ရှားလှရွာကို လေယာဉ်နဲ့ဝဲပြီး သုံးကြိမ်ပစ်တာ။ ဝန်ကြီးရွာဘက်ကိုလည်း ပစ်တယ်။ ရှားလှရွာမှာ စာသင်ကျောင်းနဲ့ကပ်လျက် အိမ်မှာနေတဲ့ အမျိုးသမီးတစ်ဦး လက်နက်ထိပြီးတော့ သေတာ”
ရှားလှရွာ လေကြောင်းတိုက်ခိုက်မှုမှာ နေအိမ်ခုနစ်လုံး ပျက်စီးခဲ့ပြီး ဝန်ကြီးရွာဘက်ပစ်ခတ်မှုမှာတော့ အရပ်သား ထိခိုက်၊ သေဆုံးတာမရှိဘူးလို့ ဒေသခံက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီးတုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ နိုင်ငံတစ်ဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁၄၂၉ ဦးသေဆုံးပြီး ၂၆၄၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။