ဆိပ်ဖြူမှာ စစ်မှုထမ်းဖို့ လူစုတဲ့ အုပ်ချုပ်ရေးမှူးနှစ်ဦး အသတ်ခံရ
2024.07.25
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်မှုထမ်းဖို့ လူစုဆောင်းရာမှာ ပါဝင်တဲ့ အုပ်ချုပ်ရေးမှူး နှစ်ဦးဟာ ဇူလိုင်လ ၂၃ ရက်နေ့က သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတ်ဖြတ်ခံရသူတွေဟာ ဆိပ်ဖြူမြို့ ရွာသစ်ရပ်ကွက်က အသက် ၅၀ အရွယ် ဦးညွန့်လွင်နဲ့ အောက်ဆိပ်ကျေးရွာက အသက် ၆၀ အရွယ် ဦးမြင့်ချို တို့ ဖြစ်ပါတယ်။
သူတို့နေအိမ်ထဲရှိနေချိန် လက်နက်ကိုင်ဆောင်သူတွေက အိမ်ထဲဝင်ရောက် ပစ်ခတ်ခဲ့တာလို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ ဆိပ်ဖြူမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"အိမ်ထဲတွေကို ဝင်ပစ်သွားတာ။ သူတို့ကတော့ စစ်ကောင်စီရဲ့ ဒေါက်တိုင်အကြီးကြီးတွေပေါ့ဗျာ။ စစ်မှုထမ်းဥပဒေ မလိုက်မနေရမှာ ပြည်သူတွေကို ဖမ်းဆီးခေါ်ဆောင်တာ သူတို့ အဓိက ပါဝင်တာပေါ့"
အုပ်ချုပ်ရေးမှူး နှစ်ဦး သတ်ဖြတ်ခံမှုနဲ့ ပတ်သက်လို့ ဒေသကာကွယ်အဖွဲ့တွေက သတင်းထုတ်ပြန်ထားတာ မရှိသေးသလို ဘယ်အဖွဲ့က လုပ်ခဲ့တယ်ဆိုတာ RFA အနေနဲ့ စုံစမ်းနေဆဲဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
RFA က ကောက်ယူထားတဲ့ အချက်အလက်တွေအရ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီး လေးလအတွင်း နိုင်ငံတစ်ဝန်းက အုပ်ချုပ်ရေးအဖွဲ့ဝင် ၈၂ ဦး အသတ်ခံရပါတယ်။