သပိတ်ကျင်းမြို့နယ် ဖော့တောလမ်းဆုံ တပ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်

RFA Burmese
2024.08.18
သပိတ်ကျင်းမြို့နယ် ဖော့တောလမ်းဆုံ တပ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက် ပြည်သူကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့က သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီတပ်ခန်းသိမ်းဆည်းကြောင်း ထုတ်ပြန်စဉ်။
Telegram/ Mandalay People’s Defence Force

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် မန္တလေး-မိုးကုတ်ကားလမ်းပေါ်က စစ်ကောင်စီတပ်ရဲ့ ဖော့တောလမ်းဆုံ ဂိတ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဩဂုတ်လ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၁၄ ရက်နေ့မှာ အဲဒီတပ်စခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ PLA နဲ့ PDF (မိုးကုတ်ဗျူဟာ) ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

ဖော့တောလမ်းဆုံဟာ မန္တလေး-မိုးကုတ်လမ်းနဲ့ မန္တလေး-သပိတ်ကျင်း-ထီးချိုင့်-ဗန်းမော်လမ်းပေါ်မှာ တည်ရှိပြီး စစ်ကောင်စီတပ်အတွက် အရေးပါတဲ့ ဂိတ်စခန်းတစ်ခုဖြစ်တယ်လို့ မိုးကုတ်မြို့နယ်မှာနေထိုင်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဖော့တောဂိတ်က သူတို့အတွက် အရေးပါတယ်။ အဲဒီနားမှာ စစ်တပ်နဲ့ နည်းပညာသုတေသနတပ်ရင်းဆိုတာရှိတယ်။ ပြီးရင် သူတို့ရဲ့ အမှတ်-၂၀ ကုတင် (၁၀၀) ဆေးရုံရှိတယ်။ နောက်ပြီး တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းရှိတယ်။ သူတို့တွေက ရှေ့တန်းထွက်ပြီး ပြန်လာပြီဆိုရင် သုံးလလောက် မွမ်းမံသင်တန်းတက်တဲ့ တပ်ရင်းရှိတယ်။ သူတို့အတွက် အရေးပါတဲ့နေရာပဲ။ မိုးကုတ်ဘက်ကိုတက်ရင်လည်း အဲဒီလမ်းဆုံကနေတက်ရတာဆိုတော့ အဲဒီလမ်းဆုံကို ရလိုက်တဲ့အတွက် သူတို့ အထက်ပိုင်းကို မသွားနိုင်တော့ဘူးပေ့ါနော်"

လက်ရှိမှာ သပိတ်ကျင်းမြို့နဲ့ ခုနစ်မိုင်အကွာမှာရှိတဲ့ အမှတ် (၁၃) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တတက – ၁၃) ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ဆက်လက်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း ဗုံးကြဲတိုက်ခိုက်တာတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

သပိတ်ကျင်းမြို့နယ်က စစ်ကောင်စီရဲ့ ခလရ (၁၄၈) တပ်စခန်း၊ ကျောက်ဖြူရွာစခန်း၊ လိပ်ကျရွာစခန်း၊ ကွင်းသုံးဆယ်ရွာစခန်း၊ လက်ပံပြန့်ရွာစခန်း၊ ဖိုကုန်းစခန်း၊ ၀က်သေရွာစခန်းနဲ့ ဖက်ရှည်ရွာစခန်းတွေကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အပြီးသတ် သိမ်းပိုက်ထားတယ်လို့ MDY-PDF က ဩဂုတ်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သပိတ်ကျင်းမြို့နယ်က တကောင်းမြို့ကိုလည်း ဩဂုတ်လ ၁၂ ရက်နေ့မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။