လောက်ကိုင်မှာ ကယ်တင်ထားတဲ့ မလေးရှားနိုင်ငံသား ၁၂၁ ယောက်ကို နေရပ်ပြန်လည်ပို့ဆောင်

RFA Burmese
2023.12.01
လောက်ကိုင်မှာ ကယ်တင်ထားတဲ့ မလေးရှားနိုင်ငံသား ၁၂၁ ယောက်ကို နေရပ်ပြန်လည်ပို့ဆောင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ ကယ်တင်ထားသည့် မလေးရှားနိုင်ငံသား ၁၂၁ ဦး မလေးရှားနိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ ပြန်လည်ရောက်ရှိလာစဉ်။
REUTERS

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့က အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေကနေ ကယ်တင်ထားတဲ့ မလေးရှား နိုင်ငံသားတွေထဲက ၁၂၁ ယောက်ကို တရုတ်နိုင်ငံ ကူမင်းမြို့ကနေတစ်ဆင့် မလေးရှားနိုင်ငံကို ပြန်လည်ပို့ဆောင်နိုင်ခဲ့တယ်လို့ South China Morning Post သတင်းမှာ ဖော်ပြပါတယ်။

ဒီဇင်ဘာလ ၁ ရက်က ပြန်ရောက်လာတဲ့ မလေးရှားနိုင်ငံသားတွေကို မလေးရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် အာလာမင်က ကွာလာလမ်ပူမြို့ လေဆိပ်မှာ ကြိုဆိုနှုတ်ဆက်ခဲ့ပြီး၊ မြန်မာနိုင်ငံမှာ ကျန်နေသေးတဲ့ မလေးရှားနိုင်ငံသား ခုနစ်ဦးကို ခေါ်ယူဖို့ ဆက်လုပ်နေတဲ့အကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကျန်နေသေးတဲ့ မလေးရှား နိုင်ငံသားတွေဟာ၊ တရုတ်နယ်စပ်နဲ့ အလွန်ဝေးကွာတဲ့နေရာကို ရောက်နေတဲ့အတွက် စုရပ်နေရာကို အချိန်မီ ရောက်မလာတာ၊ မှုခင်းရာဇဝင်ရှိတဲ့အတွက် တရုတ်နိုင်ငံကို ဝင်ခွင့်မရတာနဲ့ အခြား ပုဂ္ဂိုလ်ရေး အကြောင်းပြချက်တွေကြောင့် ကျန်နေခဲ့တာဖြစ်တယ်လို့ မလေးရှား ဒုနိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။

တရုတ်နွယ်ဖွား အများစုပါဝင်တဲ့ ဒီမလေးရှားနိုင်ငံသားတွေဟာ ဘာသာစကား ကျွမ်းကျင်မှုကြောင့် ငွေလိမ်လုပ်ငန်းတွေမှာ အရေးပါတဲ့ အလုပ်တွေ လုပ်ပေးရတဲ့ အကြောင်း၊ အချို့က အတင်းအကျပ် စေခိုင်းခံရတာဖြစ်ပြီး အချို့ကတော့ ဆန္ဒအလျှောက် လုပ်နေတာဖြစ်နိုင်ကြောင်း၊ မလေးရှားရဲတပ်ဖွဲ့က သူတို့ရဲ့ ထွက်ဆိုချက်တွေကို ရယူနေတဲ့အကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့လက မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့နောက်၊ ဒေသတွင်းက အွန်လိုင်း ငွေလိမ်လုပ်ငန်းပိုင်ရှင်တွေ စွန့်ခွာ ထွက်ပြေးခဲ့တဲ့နောက်၊ ဒီလုပ်ငန်းတွေမှာ စေခိုင်းခံနေရတဲ့ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်နဲ့ အခြားနိုင်ငံသားတွေကို တရုတ်နိုင်ငံကနေ တစ်ဆင့် နေရပ်ပြန်ပို့ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။