အရာတော်မြို့နယ်မှာ အရပ်သားသုံးဦး ထောင်တစ်သက်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရ

RFA Burmese
2023.09.06
အရာတော်မြို့နယ်မှာ အရပ်သားသုံးဦး ထောင်တစ်သက်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရ စစ်ကိုင်းတိုင်း၊ အရာတော်မြို့တစ်နေရာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်အချို့ စစ်ဆေးနေသည်ကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့က တွေ့ရစဉ်။
Ayadaw Post

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် မကျီးစုရွာသား သုံးဦးကို အနောက်မြောက်တိုင်း စစ်ဌာနချုပ် စစ်ခုံရုံးကနေ ဩဂုတ် ၃၁ ရက်နေ့က ထောင်တစ်သက်နဲ့ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထောင်ချခံရသူတွေဟာ အသက် ၁၉ နှစ်ကနေ ၄၀ ကြားအရွယ် ကိုပြည့်စုံအောင်၊ ကိုသီဟဇော်နဲ့ ကိုဇော်အောင် တို့ ဖြစ်ပါတယ်။ သူတို့ သုံးဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့ကမှ အရာတော်မြို့နယ် မကျီးစုရွာကနေ ရန်ကုန်ကို ကိုရီးယား ဘာသာစကား သင်တန်းတက်ဖို့အသွား အရာတော်မြို့ စားသောက်ဆိုင်တစ်ခုမှာ အဖမ်းခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနောက် မြို့နယ်စစ်ခုံရုံးကနေ အသက် ၄၀ အရွယ် ကိုဇော်အောင်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ပုဒ်မ - ၅၀ (ည)၊ ၅၁ (ဂ)၊ ၅၂ (က) တို့နဲ့ တရားစွဲပြီး ထောင်တစ်သက်၊ အသက် ၂၀ အရွယ် ကိုသီဟဇော်နဲ့ အသက် ၁၉ နှစ်အရွယ် ကိုပြည့်စုံအောင် တို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မ - ၅၂ (က) နဲ့ ထောင် ခုနစ်နှစ်စီ ချမှတ်ခံရတာလို့ ဆိုပါတယ်။

သာမန်ကျေးရွာသားတွေကို အခုလို ပြင်းထန်တဲ့ ထောင်မိန့်တွေ ချမှတ်လိုက်တဲ့အတွက် အံ့ဩမိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

"အခုဖမ်းခံရပြီး အမိန့်ချရတဲ့သူတွေက တော်လှန်ရေးထဲ မပါဘူး။ ဒီက မိသားစုတွေက စီးပွားရေးခက်ခဲလာလို့ ပြည်ပထွက်ဖို့ ရန်ကုန်မှာ ကိုရီးယားသင်တန်း သွားတက်ကြတာ များတယ်လေ။ အဖမ်းခံရတုန်းကလည်း မဆိုင်တဲ့သူတွေမို့ ပြန်လွှတ်မှာပါဆိုပြီး တွေးမိနေတာ။ အခုလိုကြီး ချလိုက်တော့ အရမ်းအံ့ဩမိတယ်"

စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ ခုနစ်လအတွင်း အရာတော်မြို့နယ်မှာ ဖမ်းဆီး ထောင်ချခံရတဲ့ အရပ်သား ၃၀ နီးပါး ရှိနေပြီလို့ သူက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။