NLD အစိုးရလက်ထက် စီမံဘဏ္ဍာဒုဝန်ကြီး ဦးဆက်အောင် ပြန်လွတ်လာ

RFA Burmese
2023.06.02
NLD အစိုးရလက်ထက် စီမံဘဏ္ဍာဒုဝန်ကြီး ဦးဆက်အောင် ပြန်လွတ်လာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) စီမံဘဏ္ဍာနဲ့ စက်မှု ဒုတိယဝန်ကြီး ဦးဆက်အောင်အား ၂၀၁၃ ခုနှစ် မေလ ၁၃ ရက်နေ့က တွေ့ရစဉ်။
AFP

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် စီမံဘဏ္ဍာနဲ့ စက်မှု ဒုတိယ ဝန်ကြီး ဦးဆက်အောင် ဇွန်လ ၂ ရက်နေ့ ဒီနေ့မနက်ပိုင်းမှာ မန္တလေးတိုင်း ရမည်းသင်း အကျဉ်းထောင်ကနေ ပြန်လွတ်လာတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

လွတ်ရက်စေ့လို့ ပြန်လွတ်လာတာလို့လည်း သူနဲ့နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“လွတ်ရက်စေ့လို့ လွတ်တာပါ။ ဒီမနက်ပဲ ပြန်လွတ်လာပါတယ်။ သူ့ကျန်းမာရေးလည်း ကောင်းပါတယ်ဗျ”

ဦးဆက်အောင်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် NLD အစိုးရ စီးပွားရေးကြံပေး မစ္စတာ ရှောင်တားနဲလ်ရဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် ဥပဒေပုဒ်မ - ၃ (၁) (ဂ) အမှုမှာ ဒေါ်အောင်ဆန်းစုကြည်၊ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း တို့နဲ့အတူ ပူးတွဲတရားစွဲခံခဲ့ရတာပါ။

အဲဒီအမှုအတွက် နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးကနေ ထောင်သုံးနှစ်စီ ချမှတ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် တစ်ဦးကလွဲရင် ကျန်လေးဦးစလုံး ပြန်လွတ်လာပါပြီ။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကတော့ အခုပြန်လွတ်လာတဲ့ ဦးဆက်အောင်နဲ့အတူ အစွဲခံထားရတဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်ဥပဒေပုဒ်မ၊ နိုင်ငံရေးပုဒ်မ၊ သဘာဝဘေး ပုဒ်မတွေ အပါအဝင် လက်ရှိ အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရပါတယ်။

ဦးဆက်အောင် အကျဉ်းကျခံရတဲ့ ရမည်းသင်းထောင်မှာ နေပြည်တော် အပါအဝင် အနီးအနား မြို့နယ်တွေက ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀၀ ဝန်းကျင် ကျန်နေသေးတယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။

အဲဒီအကျဉ်းထောင်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေး တာဝန်ယူခဲ့သူ ရဲအုပ် ပြည့်ဖြိုးနိုင်နဲ့ ဒုရဲအုပ် ချယ်ရီထက်၊ NLD အစိုးရလက်ထက် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးမင်းသူ၊ နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုမြို့တော်ဝန် ဦးရဲမင်းဦးတို့လည်း ရှိနေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန်လ ၁ ရက် မနေ့ကထိ စာရင်းအရ အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းက ဒီမိုကရေစီ အရေးလှုပ်ရှားသူနဲ့ ပြည်သူ ၁၈,၅၇၄ ဦး ဖမ်းဆီးခံထားရပြီး အဲဒီထဲက ၆,၁၆၁ ဦး ထောင်မိန့်တွေ ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။