အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေနဲ့ စုပေါင်းတွေ့ဆုံဖို့ကမ်းလှမ်းချက် စစ်ကောင်စီ ငြင်းပယ်

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2022.12.13
အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေနဲ့ စုပေါင်းတွေ့ဆုံဖို့ကမ်းလှမ်းချက် စစ်ကောင်စီ ငြင်းပယ် ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃ ရက် နေ့က အပြည်ပြည်ဆိုင်ရာ လုံခြုံရေးဆိုင်ရာညီလာခံကို တက်ရောက်ခဲ့တဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်။
Photo:AFP

အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က ဒီဇင်ဘာလအတွင်း စစ်ကောင်စီနဲ့ ပြည်တွင်း၊ ပြည်ပမှာတွေ့ဆုံဖို့ ကမ်းလှမ်းခဲ့တာကို စစ်ကောင်စီက အဆင်သင့်မဖြစ်သေးတဲ့အတွက် မတွေ့နိုင်ကြောင်း ငြင်းဆိုလိုက်ပါတယ်။

အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က “ ကျွန်တော်တို့က ဒီဇင်ဘာလ ၇ ရက်နေ့က နစကဘက်ကို စာပို့ပြီးတွေ့ဆုံဖို့ ပြောခဲ့ပါတယ်။ နစက ဘက်က ၉ ရက်နေ့မှာ အဆင်သင့်မဖြစ်သေးလို့ မတွေ့နိူင်သေးဘူးလို့ အကြောင်းပြန်စာပို့ပါတယ်။ ကျွန်တော်တို့ဘက်က ကမ်းလှမ်းတာ အခုတစ်ကြိမ်နဲ့ဆိုရင်နှစ်ကြိမ်ရှိပါပြီ။ ပထမတစ်ကြိမ်က နိုဝင်ဘာလ ၃၀ ရက်နေ့က တစ်ကြိမ် ကမ်းလှမ်းခဲ့ပါတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့မှာ အဆင်မပြေတဲ့အကြောင်းပြန်လာလို့ နောက်တစ်ကြိမ် ဒီဇင်ဘာ ၇ ရက်နေ့မှာ စာပြန်ပို့ခဲ့တာပါ” လို့ ပြောပါတယ်။

3c5bc663-449c-4cdf-bee0-9d0148bf2ab3.jpeg
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မွန်ပြည်သစ်ပါတီ (NMSP) တာဝန်ရှိသူတို့ နေပြည်တော်မှာ ၂၀၂၂ ခုနှစ် မေလ ၂၄ ရက်နေ့က တွေ့ဆုံခဲ့စဉ်။ ဓာတ်ပုံ: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ပထမအကြိမ် ကမ်းလှမ်းမှုမှာ တိုင်းရင်းသားတွေဘက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တွေ့ဆုံဖို့ လျာထားခဲ့ပြီး တပ်ဘက်က ပြည်တွင်းမှာတွေ့ဖို့လိုလားခဲ့ပါတယ်။ ဒုတိယအကြိမ်ကမ်းလှမ်းမှုမှာ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ အစည်းဝေးကိုသိုသိုသိပ်သိပ်ကျင်းပပြီးနောက် ဒီဇင်ဘာလ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ မြန်မာပြည်တွင်းက တောင်ကြီး ဒါမှမဟုတ် မော်လမြိုင်မှာ နှစ်ဖက်ကိုယ်စားလှယ်တွေ အစုံအလင်နဲ့ ကျင်းပဖို့ ကမ်းလှမ်းခဲ့တယ်လို့ သူက ပြောပါတယ်။

အဲ့ဒီနောက်မှာတော့ ရန်ကုန်မြို့မှာ ဒီဇင်ဘာလ ၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့တွေမှာတွေ့ဆုံဖို့နဲ့ ဒီတွေ့ဆုံပွဲတွေကို စစ်တပ်ဘက်က အဆင်ပြေတဲ့သူတက်ရောက်ဖို့၊ ပုဂ္ဂိုလ်ရေးအရ အမည်တပ်တောင်းဆိုခဲ့တာမရှိဘူးလို့ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။

တပ်ဘက်က တွေ့ဆုံပွဲနဲ့ ပတ်သက်လို့ အဆင်သင့်မဖြစ်သေးကြောင်း ငြင်းဆိုမှုဟာ နေရာကြောင့်လား၊ အချိန်ကာလကြောင့်လားဆိုတာ အတိအကျမပြောနိုင်ဘူးလို့လည်း သူကပြောပါတယ်။

f4a78105-2b68-4bf4-9229-72c34580dfc3.jpeg
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်ကို ၂၀၂၂ ခုနှစ် မေလ ၂၀ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့စဉ်။Photo: DSINFO

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ကမ်းလှမ်းချက်ကြောင့် အပစ်ရပ်လက်မှတ်ရေးထိုးပြီး အဖွဲ့တွေဖြစ်တဲ့ မွန်ပြည်သစ်ပါတီ(NMSP)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ၊ ကရင်အမျိုးသားငြိမ်းချမ်းရေးကောင်စီ(KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နဲ့ လားဟူဒီမိုကရက်တစ်ပါတီ (LDU)တို့ဟာ စစ်ကောင်စီနဲ့တစ်ဖွဲ့ချင်းစီသီးခြားတွေ့ဆုံမှုခဲ့ပြီး ဖြစ်ပါတယ်။

လက်ရှိမှာ တိုင်းရင်းသားအဖွဲ့တွေဘက်က စုဖွဲ့ပြီးတွေ့ဆုံဖို့ စစ်တပ်ဘက်ကို ကမ်းလှမ်းနေတာပါ။

“ဘယ်ခေတ်မှာမှ မကြုံဘူးတဲ့ နိုင်ငံရေးအခက်အခဲကို ကျွန်တော်တို့ ရင်ဆိုင်နေရတယ်။ ဒါကိုဖြေလျော့ဖို့ဆိုတာက တွေ့ဆုံဆွေးနွေးဖို့ပဲရှိတယ်။ ဒါကထိခိုက်မှုအနည်းဆုံးနည်းလမ်းလို့ ကျွန်တော်တို့လက်ခံထားတယ်။ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်ပြည်ထောင်စုအရေးအတွက် သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့ တွေ့ဆုံပွဲတွေဖြစ်လာဖို့ ကျွန်တော်တို့ ကြိုးစားနေတာပါ။ ကျွန်တော်တို့ လုပ်နိုင်သမျှနည်းလမ်းနဲ့ ဆက်လက်လုပ်ဆောင်သွားမှာပါ။” လို့ PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောပါတယ်။

သက်ဆိုင်သူအားလုံးတွေ့ဆုံရေးအတွက်ကြိုးပမ်းနေတယ်ဆိုရာမှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ရည်ညွန်းသလားလို့ မေးမြန်းရာမှာတော့ အဖွဲ့အစည်းတွေကို အမည်တပ်မပြောလိုကြောင်းနဲ့ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေး လုပ်ဆောင်နေတဲ့ အဖွဲ့အားလုံးပါဝင်ရေးကို ဆိုလိုကြောင်း ဗိုလ်မှူးကြီး စောကျော်ညွန့်ကပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကမ်းလှမ်းချက်ကို ငြင်းဆိုခဲ့တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းခေါ်ဆိုလို့ မရပါဘူး။



မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။