ပြီးခဲ့တဲ့ ခုနစ်လအတွင်း နေအိမ် နှစ်သောင်းကျော် မီးရှို့ခံရ
2024.09.10
စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၄ ခုနှစ်ရဲ့ ပြီးခဲ့တဲ့ ခုနစ်လအတွင်းမှာ နေအိမ်ပေါင်း နှစ်သောင်းတစ်ထောင် (၂၁,၀၀၀) ကျော် ဆုံးရှုံးခဲ့ရတယ်လို့ လွတ်လပ်တဲ့ သုတေသန အဖွဲ့ဖြစ်တဲ့ Data for Myanmar က ဒီနေ့ ထုတ်ပြန်ပါတယ်။
အဲဒီထဲမှာ မီးရှို့ဖျက်ဆီးခံရတာများတဲ့ မြို့နယ်တွေကတော့ ကောလင်း၊ ကလေး၊ ဘူးသီးတောင်၊ မြင်းခြံနဲ့ မုံရွာမြို့နယ်တွေဖြစ်ပြီး အိမ်ခြေ တစ်ထောင်နဲ့ ငါးထောင်ကြား ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ အခုနှစ် ဧပြီ၊ မေနဲ့ ဇွန်လထဲမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေက ပြင်းပြင်းထန်ထန် စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့လို့ မြို့နယ်ရဲ့ မြောက်ဘက်ပိုင်းမှာ ရွာလုံးကျွတ် မီးလောင်ခဲ့တဲ့ ရွာ ခြောက်ရွာ ရှိတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
အဲဒီက ရွာခံတွေဟာ အခုအချိန်အထိ နေရပ်ပြန်လို့ မရသေးဘဲ နီးစပ်ရာ ကျေးရွာတွေနဲ့ တောတောင်တွေထဲမှာ နေထိုင်နေရတယ်လို့လည်း ဒေသခံတစ်ဦးက ဆိုပါတယ်။
“နဖူးကချွေး ခြေမ ကျအောင် ရှာခဲ့တဲ့ တောသူတောင်သားတွေဆိုတော့ တစ်နှစ်တည်းနဲ့ ဆောက်နိုင်တဲ့ အိမ်မျိုး တွေ မဟုတ်ဘူး။ တစ်နှစ်ကို တိုင်ထူတယ်။ နောက်နှစ်ကို အုတ်လေးတက်တယ်။ ဒါမျိုးဖြည်းဖြည်းဆောက်ရတာ ဆိုတော့လေ ငိုကြွေးသံတွေတော့ ကြားရတာပေါ့”
နှစ်စဉ်မီးရှို့ခံရတာ များလေ့ရှိတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ချင်းပြည်နယ်အပြင် အခု ၂၀၂၄ ခုနှစ်ထဲမှာတော့ ရခိုင်ပြည်နယ်မှာလည်း မြင့်တက်လာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် လက်နက်ကိုင်အဖွဲ့တွေအားလုံး အရပ်သားတွေရဲ့ နေအိမ်တွေကို ပစ်မှတ်ထား မီးရှို့ဖျက်ဆီးတာတွေ အမြန်ဆုံး ရပ်တန့်ဖို့နဲ့ ဒါတွေကို ရပ်တန့်အောင် နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ဖိအားပေးတိုက်တွန်း သင့်တယ်လို့ အကြုံပြုထားပါတယ်။
အာဏာသိမ်း သုံးနှစ်ကျော် ကာလအတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှု ကြောင့် အရပ်သားတွေရဲ့ နေအိမ် တစ်သိန်းကျော် (၁၀၁,၄၆၃) လုံး ပျက်စီးခဲ့ပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်းက နေအိမ် ခုနစ်သောင်းကျော်ဖြစ်လို့ ၇၂ ရာခိုင်နှုန်းကျော်နဲ့ အများဆုံး ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းစ ၂၀၂၁ ခုနှစ်မှာ အရပ်သားနေအိမ် ၂၁၁၁ လုံး၊ ၂၀၂၂ ခုနှစ်မှာ ၄၆,၈၅၆ လုံး၊ ၂၀၂၃ ခုနှစ်မှာ ၃၁,၄၈၄ လုံး ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ Data for Myanmar ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။