သီပေါမှာ စစ်ကောင်စီလက်နက်ကြီးထိလို့ ဒေသခံ တစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရ

RFA Burmese
2024.09.02
သီပေါမှာ စစ်ကောင်စီလက်နက်ကြီးထိလို့ ဒေသခံ တစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း၂ဝ၂၄ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာရခဲ့သူတစ်ဦးအား လူမှုကူညီရေးအဖွဲ့မှ သယ်ဆောင်လာစဉ်။
Photo: PSLF/TNLA News

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသမီး တစ်ဦးသေဆုံးပြီး အမျိုးသား တစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က စက်တင်ဘာ ၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ် ပစ်လိုက်တဲ့ လက်နက်ကြီးဟာ ဩဂုတ်လ ၃၁ ရက်နေ့ မနက် ၁၀ နာရီခွဲဝန်းကျင်က ညောင်ကိုးပင်ရပ်ကွက်ထဲကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၅၂ နှစ်အရွယ် ဒေါ်စိန်ပွင့် ထိမှန်သေဆုံးခဲ့တာလို့ TNLA က ပြောပါတယ်။

အလားတူ စက်တင်ဘာ ၁ ရက်နေ့ ညနေ ၅ နာရီခွဲဝန်းကျင်ကလည်း စစ်ကောင်စီ ပစ်လိုက်တဲ့ လက်နက်ကြီးတစ်လုံး ကုံးစုံ (လီဆူ)ရွာထဲကိုကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၄၇ နှစ်အရွယ် ဦးကျော်မြင့် လက်နက်ကြီးစ ထိမှန် ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် အရပ်သားတွေ သေဆုံးဒဏ်ရာရကြောင်း TNLA ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ဩဂုတ်လ ၁ ရက်နေ့ကနေ စက်တင်ဘာ ၂ ရက်နေ့အထိ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေအပါအဝင် သီပေါမြို့နယ်က ဒေသခံ ၂၂ ဦး သေဆုံးခဲ့ပြီး ၆ဝ ကျော် ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

သီပေါမြို့နယ်ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ဩဂုတ်လထဲမှာ တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။