ရှမ်းပြည်နယ်က ဒုက္ခသည်စခန်းတွေပိတ်သိမ်းရေးညွှန်ကြားချက်ကြောင့် ဒုက္ခသည်တွေ အခက်တွေ့

2022.09.15
ရှမ်းပြည်နယ်က ဒုက္ခသည်စခန်းတွေပိတ်သိမ်းရေးညွှန်ကြားချက်ကြောင့် ဒုက္ခသည်တွေ အခက်တွေ့ ကျောက်မဲမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား တောင်ထိပ်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ရှမ်းပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည်စခန်းတွေကို လာမယ့် အောက်တိုဘာလအကုန် မှာ အပြီးပိတ်သိမ်းဖို့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတွေက စခန်းတာဝန်ရှိသူတွေ ထံကို စက်တင်ဘာလဆန်းပိုင်းကနေစပြီး အသီးသီးညွှန်ကြားလာတယ်လို့ စစ်ဘေးဒုက္ခ သည်တွေနဲ့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက RFA ကို ဒီနေ့ ပြောပါတယ်။

နေရပ်ပြန်မယ်ဆိုရင် နယ်မြေလုံခြုံရေးနဲ့ အခြားအခက်အခဲတွေရှိနေတာကြောင့် အချိန်ကို နောက်ဆုတ်ပေးဖို့ ပြန်လည်တင်ပြထားတယ်လို့ နမ္မတူမြို့က ကချင်စစ်ဘေးဒုက္ခသည် စခန်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

“သူတို့က ထွေအုပ်ရုံးမှာ ခေါ်ပြောတာပေါ့။ အောက်တိုဘာလအကုန် အပြီးပိတ်သိမ်း ပါပေါ့။ တချို့က နေစရာ နေရာမရှိဘူး။ ရွာပြန်ဖို့လည် နယ်မြေအခြေအနေ မလုံခြုံတာ ရှိတယ်။ တချို့ ငွေကြေးရှိတဲ့သူကျတော့ အပြင်မှာနေရာရှာပြီး ဖြစ်သလိုနေဖို့ စီစဉ်ကြ တာရှိတယ်။ အခက်အခဲတွေ အများကြီးပဲလေနော်။ ကလေးပညာရေးကိစ္စတွေ ကျန်းမာ ရေးကိစ္စတွေ၊ ကျမတို့က အချိန်ထပ်ပေးဖို့ဆိုပြီး ပြန်တင်ပြထားတယ်”

နမ္မတူမြို့နယ်အတွင်းမှာ ကချင်၊ လီဆူ၊ ရှမ်း စတဲ့တိုင်းရင်းသားတွေ နေထိုင်တဲ့ ဒုက္ခသည် စခန်း သုံးခုရှိပြီး လူဦးရေ ၅၀၀ ကျော်ရှိပါတယ်။

နမ္မတူ အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲ၊ သီပေါ၊ သိန္နီ၊ နမ့်ခမ်း၊ မန့်ဝိန်း ကြီး စတဲ့ မြို့နယ်တွေမှာ KIA၊ TNLA၊ MNDAA၊ SSPP၊ RCSS စတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ၂၀၁၂ ကနေ အခုနှစ်အထိ တိုက်ပွဲတွေဖြစ် ပွားနေတာပါ။

ဒီတိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည်စခန်း ၃၀ မှာ လူဦးရေ သုံးသောင်းလောက် ခိုလှုံနေကြ ရတယ်လို့ ဒေသအတွင်းအရပ်ဘက်အဖွဲ့အစည်းတွေက ပြောဆိုထားကြပါတယ်။

အလားတူ ရှမ်းပြည်တောင်ပိုင်းမှာလည်း အလားတူ ပိတ်သိမ်းဖို့ ညွှန်ကြားချက်ကို ပြန်သုံး သပ်ပေးဖို့ တင်ပြထားတယ်လို့ ဆီဆိုင်မြို့နယ်အတွင်းက စစ်ဘေးဒုက္ခသည်အရေး ကူညီ ပေးနေတဲ့ ကိုခွန်ကျော်ဆွေက ပြောပါတယ်။

“စာတော့ ရောက်ပြီပေါ့။ အစည်းဝေးမှာပြောတော့ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက ပြန် တင်ပြတာရှိတယ်။ လောလောဆယ် ပြန်လို့မရသေးဘူးပေါ့။ မိုင်းတွေရှိတယ်၊ တချို့ ကလည်ပြန်ဖို့ နေရာက တိုက်ပွဲဖြစ်နေသေးတယ်။ တချို့က ပြန်ဖို့အိမ် မရှိတော့ဘူးပေါ့။ အဲဒါကို ပြန်စဉ်းစားပေးဖို့ဆိုပြီး ပြောထားတာတော့ရှိတယ်”

အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေကြောင့် ဆီဆိုင်မြို့နယ် တစ်ခုတည်းမှာ ဒုက္ခသည် ၅၀၀၀ ကျော်ရှိနေပြီး ရှမ်းပြည်တောင်ပိုင်း မြို့နယ်တွေမှာ ကယားပြည်နယ်နဲ့ ရှမ်းပြည် တောင်ပိုင်းက ထွက်ပြေးလာတဲ့ဒုက္ခသည် ဦးရေက နှစ်သောင်းနဲ့အထက်မှာ ရှိနိုင်တယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကလည်း အချိန်ကာလနဲ့ အခြေအနေအရ စစ်ဘေးဒုက္ခသည်စခန်းတွေ ပိတ်သိမ်းဖို့ ဆောင်ရွက်နေ တာရှိတယ်လို့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာ RFA ကို ပြောဆိုထားပါတယ်။

ဒုက္ခသည်တွေကတော့ လတ်တလော စခန်းပိတ်သိမ်းလိုက်ရင် သူတို့ရဲ့လူမှုစီးပွားဘဝတွေ ထိခိုက်မှာ စိုးတဲ့အတွက် စခန်းပိတ်သိမ်းရေးအတွက် အချိန်ထပ်မံပေးဖို့အတွက် တောင်းဆို နေကြပါတယ်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။