စစ်ဘေးဒုက္ခသည်တွေကို ငွေကြေးအမြောက်အမြားသုံးပြီး ကူညီနေတယ်လို့ တရုတ်ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေအတွင်း ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးဖို့ လူအင်အားရော၊ ငွေအင်အားပါ အများအပြားသုံးနေတယ်လို့ တရုတ်အစိုးရက ပြောပါတယ်။
အဲဒီမှာ ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေကို တရုတ်နိုင်ငံကနေတစ်ဆင့် သူတို့ သက်ဆိုင်ရာနိုင်ငံတွေကို ပြန်ပို့ဖို့၊ စစ်ဘေးဒုက္ခသည်တွေကိုလည်း တရုတ်ဘက်ခြမ်းမှာ ခိုလှုံခွင့်ပေးပြီး ထောက်ပံ့ထားဖို့၊ အရေးပါတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်မသွားဖို့ လုပ်နေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက နိုဝင်ဘာလ ၂ဝ ရက် ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကို အနီးကပ်စောင့်ကြည့်နေပြီး အမြန်ဆုံးရပ်တန့်သွားအောင် ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီနဲ့တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်တွေ နှစ်ဖက်စလုံး တိုက်ခိုက်နေတာတွေကို ရပ်တန့်ဖို့၊ ပြည်သူလူထု အကျိုးစီးပွားအတွက် စကားဝိုင်းမှာ ထိုင်ဆွေးနွေးပြီး အဖြေရှာကြဖို့ တရုတ်အစိုးရက လိုလားတယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။ မြန်မာပြည်ငြိမ်းချမ်းရေးရရေး အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားအယောက် ၂ဝဝ ကျော်ကို တရုတ်နိုင်ငံကတစ်ဆင့် ပြန်ခေါ်ပေးဖို့ ထိုင်းနဲ့ တရုတ်အစိုးရတို့ကြား သဘောတူခဲ့ပြီး အဲဒီပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေကို နေရပ်ပြန်ပို့နိုင်ခဲ့ပါတယ်။
အောက်တိုဘာလ ၂၇ ရက်နေ့ကစလို့ ဒီနေ့ထိ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေဆက်ပြင်းထန်နေပါတယ်။ တိုက်ပွဲကြား ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ နယ်စပ်တရုတ်ဘက်ခြမ်းက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အဲဒီဒေသမှာ မိုးအဆက်မပြတ်ရွာနေတာကြောင့် ဒုက္ခသည်တွေ နေရေးထိုင်ရေး အခက်အခဲဖြစ်နေပြီး ရှေ့လျှောက်ဆောင်းရာသီဝင်တော့မှာမို့ ပိုဆိုးနိုင်တယ်လို့ ဒုက္ခသည်တွေက RFA ကို ပြောကြပါတယ်။