ရှိမ်းမကားရဲစခန်း လက်နက်ကြီးနဲ့ အပစ်ခံရပြီးနောက် နေအိမ်အချို့ မီးပြန်ရှို့ခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က စစ်ကောင်စီတပ်တွေ အခြေစိုက်ထားတဲ့ ရှိမ်းမကားရွာ ရဲစခန်းကို နိုဝင်ဘာလ ၁၁ ရက် မနေ့ညနေပိုင်း ဒေသခံ ကာကွယ်ရေးတပ်တွေဘက်က လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က စခန်းအနီးမှာ ရှိတဲ့ နေအိမ်သုံးလုံးကို မီးပြန်ရှို့ခဲ့တယ်လို့ ဗိုလ်ကျားကြီး (Bo Tiger) တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ကျားကြီးက RFA ကို ပြောပါတယ်။
“ရှိမ်းမကား ဖြစ်စဉ်က သူတို့အထိုင်ချထားတဲ့ နေရာကနေ ညတိုင်းကိုလက်နက်ကြီးနဲ့ ပြည်သူတွေဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်နဲ့ နေ့တိုင်းနီးပါး ပစ်နေတာမို့လို့ မနေ့ကညနေခင်း ၅ နာရီလောက်မှာ ကျနော်တို့ဘက် ၈၀ မမတို့၊ ၁၂၀ မမတို့နဲ့ သွားပစ် ခဲ့တယ်ဗျ။ ညကျတော့ ၉ နာရီ ၁၀ နာရီလောက် တစ်ခါ ထပ်ပစ်တယ်။ ၈ လုံးလောက် ရှိမယ်။ ထိခိုက်ကျဆုံးလည်း ရှိနိုင်တယ်။ လက်နက်ကြီး နှစ်လုံးပစ်ကတည်းက သူတို့ လည်း အော်ပြေးကြတာ”
ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေဘက်က ပစ်ခတ်ပြီးနောက် ရှိမ်းမကားရဲစခန်းအနီး မှာရှိတဲ့ လူနေအိမ် သုံးလုံးကို PDF ထောက်ခံတဲ့အိမ်တွေဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီ တပ်ဘက်က မီးရှို့ခဲ့တယ်လို့လည်း ဆိုပါတယ်။
ရှိမ်းမကားရွာဟာ ဝက်လက်မြို့နယ်နဲ့ ခြောက်မိုင်ခန့်ကွာဝေးပြီး အခုရဲစခန်းထဲမှာ စစ်သား နဲ့ ရဲ စုစုပေါင်းအင်အား ၆၀ ခန့် အထိုင်ချထားတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ ဘက်က ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က လူနေအိမ်အချို့ကို မီးရှို့တဲ့ကိစ္စနဲ့ပတ်သက်ပြီး သီးခြားအတည် မပြုနိုင်သေးသလို အတိအကျသိရဖို့ RFA အနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဘက်က ပစ်လိုက်တဲ့ လက်နက် ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရှိမ်းမကားရွာက အမျိုးသမီးတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
ဝက်လက်မြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လလုံးနီးပါး စစ်ကောင်စီတပ်တွေ ရွာတွေထဲ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာကြောင့် ရွာပေါင်း ၁၀ ရွာက ဒေသခံ ခြောက်ထောင်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ဝက်လက် ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာလအတွင်းမှာပဲ ဝက်လက်မြို့နယ် အနောက်ခြမ်းက ရွှေပန်းကုန်းရဲစခန်းကို ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ် ဘက်က စစ်ရဟတ်ယာဉ်နဲ့ ပြန်လည်ပစ်ခဲ့တာကြောင့် အနီးအနားရွာက ဒေသခံအမျိုးသမီး တစ်ဦး သေဆုံးခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ စုစုပေါင်း ၂၄၄၄ ဦး ရှိပြီဖြစ်ပါတယ်။