စစ်ကောင်စီတိုက်ခိုက်မှုကြောင့် တစ်လခွဲအတွင်း အရပ်သား ၅၅ ဦးသေဆုံးကြောင်း SHRF ထုတ်ပြန်
2024.10.10
ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ခြောက်မြို့မှာ ဩဂုတ်လ ၂၆ ရက်ကနေ အောက်တိုဘာ ၆ ရက်နေ့အထိ တစ်လခွဲအတွင်း စစ်ကောင်စီလေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာကြောင့် အရပ်သား ၅၅ ဦး သေဆုံးပြီး ၁၃၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က အောက်တိုဘာ ၉ ရက်နေ့က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဟာ လူထုကို ရည်ရွယ်ချက်ရှိရှိပစ်တာလို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ ပြောခွင့်ရသူ ယိင်းလျန်ဟန်က RFA ကို ပြောပါတယ်။
"ကျွန်မတို့ မြို့ပေါင်း ခြောက်မြို့မှာ လူထု ၅၅ ယောက်သေဆုံးတယ်၊ ဒဏ်ရာရတာတော့ ၁၃၉ ဦး ရှိတယ်၊ အဓိကတော့ ကျွန်မထင်တာတော့ သူတို့အနေနဲ့ တိုက်ပွဲရှုံးတယ်၊ မနိုင်တဲ့နေရာမှာ နိုင်တဲ့လူထုကို မဲတယ်လို့ ထင်တယ်၊ လေကြောင်းတိုက်ခိုက်မှုတွေက အများစုက လူထုကပဲ နစ်နာတယ်၊ လူထုရှိတဲ့နေရာကိုပဲ အဲလိုမျိုး လေကြောင်းပစ်ခတ်မှုတွေ ဖြစ်နေတယ်"
၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့ကနေ အောက်တိုဘာလ ၆ ရက်နေ့အထိ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ နမ့်ခမ်း၊ လားရှိုးနဲ့ မိုင်းရယ်မြို့တွေမှာ စစ်ကောင်စီရဲ့ လေကြောင်းကနေ တိုက်ခိုက်တာနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့သလို အဆောက်အဦ ၄၅၀ ကျော် ပျက်စီးခဲ့တယ်လို့လည်း ရေးသားထားပါတယ်။
စစ်ကောင်စီပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ သီပေါမြို့နဲ့ နောင်ချိုမြို့နယ်တွေမှာ စစ်ရေးပဋိပက္ခတွေရှိပေမဲ့ အရပ်သား သေဆုံးမှုနဲ့ လူနေအဆောက်အဦတွေ ပျက်စီးမှု အများစုဟာ တိုက်ပွဲတွေမရှိဘဲ ပစ်ခတ်ခဲ့တာလို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ တစ်လခွဲအတွင်း စစ်ကောင်စီတပ်ဟာ သီပေါမြို့ကို သိမ်းယူဖို့ ကြိုးစားနေတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကို လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် ပြုလုပ်နေတယ်လို့လည်း ရေးသားထားပါတယ်။
သီပေါမြို့မှာ သြဂုတ်လ ၂၇ ရက်ကနေ အောက်တိုဘာလ ၆ ရက်နေ့ အထိ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ခလရ-၂၃ တပ်ကနေ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား ၁၈ ဦး သေဆုံးပြီး ၃၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
၂၀၂၄ ခုနှစ် မေလကနေ ဩဂုတ်လအထိ လေးလအတွင်း နိုင်ငံတစ်ဝန်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၃၂၁ ကြိမ်လုပ်ခဲ့ပြီး သေဆုံးသူ ၄၅၅ ဦးနဲ့ ဒဏ်ရာရသူ ၈၁၉ ဦး ရှိခဲ့ကြောင်း လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က အောက်တိုဘာ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။