လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ကလေးမြို့နယ်မှာ ခုနစ်ဦး ဒဏ်ရာရ

RFA Burmese
2023.06.05
လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ကလေးမြို့နယ်မှာ ခုနစ်ဦး ဒဏ်ရာရ လေကြောင်း တိုက်ခိုက်ခံရသည့် ကလေးမြို့နယ်၊ ရှုခင်းသာကျေးရွာစာသင်ကျောင်း အပျက်အစီးများကို ၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က ဇွန်လ ၅ ရက် မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေလုပ်ခဲ့တာကြောင့် ရွာသား ခုနစ်ဦး ဒဏ်ရာရခဲ့ပြီး အဲဒီထဲက တစ်ဦးရဲ့ အခြေအနေ စိုးရိမ်ရတယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မနေ့ကမနက် ၁၀ နာရီခွဲခန့်မှာ ကလေးမြို့နယ်၊ ရှုခင်းသာရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးနဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် အရင်ဆုံး လေးဦး ဒဏ်ရာရခဲ့ပါတယ်။

မနက် ၁၁ နာရီကျော်မှာလည်း ကလေးမြို့မြောက်ဘက်က လက်ပံချောင်းရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် နောက်ထပ် သုံးဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီအထဲက တစ်ဦး ဒဏ်ရာပြင်းထန်ပြီး ခြေတစ်ဖက် ပြတ်ထွက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ပဋိပက္ခပြင်းထန်နေတဲ့ အဲဒီဒေသမှာ ဖုန်းဆက်သွယ်ရ ခက်ခဲတာကြောင့် ဒဏ်ရာရသူအားလုံးရဲ့ အမည်နဲ့ အသက်ရွယ်တွေကို အတိအကျ မသိရသေးပါဘူး။

တိုက်ပွဲမရှိဘဲ အခုလို အကြောင်းမဲ့ပစ်ခတ်တဲ့အပေါ် အပြင်းအထန်ရှုတ်ချတယ်လို့ ရှုခင်းသာရွာခံတစ်ဦးက RFA ကိုပြောပါတယ်။

“အပြင်းအထန်ကိုရှုတ်ချပါတယ်။ နောက်တစ်ခုက သူတို့မှာ လူအင်အား နည်းနေပြီ ဆိုတာကို မီးမောင်းထိုးပြနေတဲ့အပြင် မြေပြင်မှာ သူတို့ လုံးဝမထိန်းချုပ်နိုင်တော့ဘူး ဆိုတာကို ဝန်ခံလိုက်တာပဲ။ ဒါကြောင့်လည်း လေယာဉ်ပဲ သုံးနေတာလေ ”

ရှုခင်းသာရွာမှာ အိမ်ခြေတစ်ထောင်ခန့်ရှိပြီး လူဦးရေလေးထောင်ဝန်းကျင်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို စာသင်ကျောင်းတွေကိုပစ်မှတ်ထားပြီး လေကြောင်းကတိုက်ခိုက်နေတာဟာ ကျောင်းဖွင့်မယ့် အစီအစဉ်ကို ခြိမ်းခြောက်တားမြစ်တဲ့သဘောလို့ CNO Upper Chindwin Region – UCR ရဲ့ ပြောရေးဆိုခွင့်ရှိသူက RFA ကိုပြောပါတယ်။

“ဒါက သူတို့ထိန်းချုပ်လို့ လက်လှမ်းမမီတဲ့ ကျေးရွာဘက်မှာ ပြည်သူတွေဘက်က ကျောင်းဖွင့်မယ့်အစီအစဉ်ကို သူတို့က ခြိမ်းခြောက်ပြီး တားမြစ်တဲ့သဘောလို့ ယူဆတယ်။ မြို့ပေါ်မှာ စကစကျောင်းမှာလည်း ကလေးတွေ ကျောင်းတက်နေကြတယ်။ ကျွန်တော်တို့ သွားမနှောက်ယှက်ပါဘူး။ ကျေးရွာမှာပြည်သူတွေ ကိုယ်ထူကိုယ်နဲ့လုပ်တဲ့ ပညာရေးကိုလည်း လာမနှောက်ယှက်ပါနဲ့”

စစ်ဘေးရှောင်ကူညီရေးအဖွဲ့ (ကလေးဒေသ) တွဲဖက်တာဝန်ခံ ကိုဂျပန်ကြီးကတော့ စစ်ကောင်စီတပ်က အခုလို လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ လုပ်လာနိုင်တဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေ တူးထားကြဖို့နဲ့ သတင်းတွေနားစွင့်ထားကြဖို့ လိုတယ်လို့ ပြောပါတယ်။

“လေကြောင်းတိုက်ခိုက်မှုအပေါ်မှာ ကျွန်တော်အနေနဲ့ ဒီလိုခြေအနေတွေက အနှေးနဲ့အမြန် ဖြစ်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေတူးထားကြဖို့နဲ့ သတင်းတွေကို အမြဲနားစွင့်စေဖို့ပြောချင်ပါတယ်။ သူတို့က ဦးတည်ချက်မရှိဘူး။ ဒီတိုင်းလာပစ်နေကျ။ ပြီးခဲ့တဲ့လပိုင်းလောက်ကလည်း ရွာတစ်ရွာကို နေ့လယ်ကြီး အကြောင်းမဲ့ သပ်သပ် လာပစ်သွားတာ သူတို့ပစ်ချင်တဲ့ အချိန်လက်နက်ကြီးနဲ့ ပစ်တယ်။ သူတို့ လာချင်တဲ့အချိန် လေယာဉ်နဲ့ လာပစ်တယ်။ ဘာရှိလိုညာရှိလို့မဟုတ်ဘဲ အကြောင်းမဲ့သပ်သပ် ပြည်သူတွေကို ကြောက်စိတ်သွင်းနေတာ ဖြစ်တယ်”

ဒီနေ့မနက် ၁၁ နာရီကျော်မှာလည်း ကလေးမြို့မြောက်ဘက် လက်ပံချောင်းရွာထဲကို လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲလို့ ဒေသခံ သုံးဦးဒဏ်ရာရရှိခဲ့ပြီး တစ်ဦးကတော့ ခြေထောက်တစ်ဖက်ပြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဉာဏ်အလင်းသစ်သုတေသနအဖွဲ့ရဲ့ မေလ ၂၂ ရက် အစီရင်ခံစာအရ စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်နဲ့လေးလအတွင်း လေကြောင်းတိုက်ခိုက်မှု (၁၄၂၇) ကြိမ်ရှိခဲ့ပြီး သေဆုံးသူ (၅၃၄) ဦးအထိရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။