ရွှေဘိုမြို့နယ် ထနောင်းဝန်းရွာ စီးနင်းခံရမှု လေးဦး သေဆုံး

RFA Burmese
2024.09.14
ရွှေဘိုမြို့နယ် ထနောင်းဝန်းရွာ စီးနင်းခံရမှု လေးဦး သေဆုံး စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ရွှေဘိုမြို့နယ် ကျေးရွာများမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။
Facebook/ ဗိုလ်မိကျောင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အနီးက ထနောင်းဝန်းရွာကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၂ ရက်နေ့မှာ ဝင်ရောက်စီးနင်းစဉ် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သားလေးဦး သေဆုံးခဲ့တယ်လို့ ရွှေဘိုဒေသခံတွေက RFA ကို ပြောပါတယ်။

ရွှေဘိုအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် (၈) လေ့ကျင့်ရေးတပ်ကနေ ထွက်လာတဲ့ အင်အား ခုနစ်ဆယ်ခန့်က ရွှေဘိုမြို့နဲ့ နှစ်မိုင်ခန့်ဝေးတဲ့ ထနောင်းဝန်းရွာကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။ ဒီစီးနင်းမှုမှာ ကိုမောင်ငွေ၊ ကိုမောင်ခင်၊ ကိုသက်ခိုင်နဲ့ အသက် ၂၄ နှစ်အရွယ် မရီရီခင်တို့ သေဆုံးခဲ့တာပါ။

အဲဒီစစ်ကြောင်းက ထနောင်းဝန်းရွာခံ သုံးဆယ်ခန့်ကိုလည်း ဖမ်းဆီးထားပြီး ဒီနေ့အထိ ပြန်လွှတ်မပေး သေးဘူးလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“သံလမ်းဘက်ကနေ ခြေလျင်လာပြီးတော့ ထနောင်းဝန်းရွာကို ဝင်တာ။ ရွာထဲမှာ ပြည်သူ သုံးဆယ်လောက် ဖမ်းလိုက်တယ်။ ဒီနေ့ထိ ပြန်မလွတ်သေးဘူး။ ရွာထဲဝင်တော့ လက်နက်ကြီးတွေနဲ့ထုတယ်။ လက်နက်ငယ်တွေ နဲ့လည်း ပစ်တော့ လေးယောက်သေတယ်လို့ သိရတယ်။ ရွာထဲ ဝင်မရသေးတော့ အတိအကျ မသိရသေးဘူး”

ဒီနေ့မနက်ပိုင်းမှာတော့ ထနောင်းဝန်းရွာမှာ စစ်ကောင်စီတပ်က နောက်ချန်အင်အားတချို့ကို ထားခဲ့ပြီး စစ်ကောင်စီတပ်သားတချို့က ဖမ်းဆီးထားတဲ့ ရွာခံသုံးဆယ်ကျော်ကို ဓားစာခံအဖြစ် ခေါ်ဆောင်ပြီး မြိုက်နဲ့ သပြေသာရွာတွေဘက်ကို စစ်ကြောင်းထိုးနေတယ်လို့ သူက ပြောပါတယ်။

စစ်ကြောင်းကြောင့် ထနောင်းဝန်း၊ မြိုက်၊ သပြေသာ၊ အုတ်ရှစ်ကန်၊ နွားကုတ်ရွာနဲ့ ဥယျာဥ်တော်ရွာတွေက ဒေသခံ နှစ်ထောင်ကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာလ ၁၃ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ၅၆၅၄ ဦး သတ်ဖြတ်ခံရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။