ရွှေဘိုမှာ စစ်ကြောင်းကြောင့် သုံးဦးသေ၊ ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရ
2024.07.24
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ရွာတွေမှာ စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ခုက စီးနင်းပစ်ခတ်နေတာကြောင့် ကလေးငယ်အပါအဝင် သုံးဦး သေဆုံးပြီး ရွာဆယ်ရွာခန့်က ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေဘိုအခြေစိုက် စစ်ကောင်စီ အမှတ် (၈) လေ့ကျင့်ရေးတပ်က အင်အား သုံးဆယ်ပါ စစ်ကြောင်းနဲ့ ကျောက်မြောင်း ခြေမြန်တပ်ရင်း (ခမရ - ၁၂၂) က အင်အား ငါးဆယ်ပါ စစ်ကြောင်းနှစ်ခုက ဇူလိုင်လ ၂၃ ရက်က စပြီး အုန်းပေါက်ရွာနဲ့ အနီးအနားကို စစ်ကြောင်းထိုးခဲ့တာပါ။
စစ်ကြောင်းထိုးတဲ့နေ့ မနက်ပိုင်းမှာ အုန်းပေါက်ရွာထဲ စီးနင်းဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦးနဲ့ စိတ်ကျန်းမာရေးမကောင်းတဲ့ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့ပြီး ရွာအထွက်မှာ ထပ်ပြီး ပစ်ခတ်ခဲ့လို့ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ စစ်ကြောင်းက ဇူလိုင်လ ၂၅ ရက် ဒီနေ့အထိ ရွာတချို့မှာ ကင်းပုန်းဝပ် စခန်းချနေတာကြောင့် အုန်းပေါက်၊ တအုံ၊ ကော့ရွာ၊ တရော်တော၊ ကြိုးကြာ၊ ဆည်ကြီး၊ မောင်းတပ်၊ တည်ပင် စတဲ့ရွာတွေနဲ့ အနီးအနားက ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ရွှေဘိုဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“လတ်တလောတော့ ရွှေဘို၊ ကျောက်မြောင်းကြားထဲက ရွာတွေမှာ တပ်ဖြန့်ကင်းပုန်းဝပ်ပြီး ဆက်နေသေးတယ်။ ဒီနေ့အထိပဲ။ အကုန်ပြေးနေရတယ်။ အခု စစ်ကြောင်းက ရှိနေတော့ ရွာဆယ်ရွာလောက်က ပြည်သူတစ်သောင်းကျော် ပြေးနေရတုန်းပေါ့”
ဇူလိုင်လ ၂၃ ရက်နေ့က အုန်းပေါက်ဘုန်းကြီးကျောင်းကနေ တအုံရွာဘက်အထွက်မှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး ထိခိုက်မှုအခြေအနေ မသိရဘူးလို့ ရွှေဘိုအခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းချိန်ကစလို့ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၄ ရက်အထိ သုံးနှစ်ကျော်အတွင်း သေဆုံးခဲ့သူ ငါးထောင်ကျော် (၅၄၄၀ ဦး) ရှိလာပြီ ဖြစ်ပါတယ်။