ရွှေဘိုမှာ မိုင်းပေါက်ကွဲလို့ နှစ်ဦးသေဆုံး၊ ၁၈ ဦး ထိခိုက်ဒဏ်ရာရ
2023.03.28
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က မူးတံတားမှာ မတ်လ ၂၈ ရက် ဒီနေ့ မနက် ၉ နာရီ ဝန်းကျင်က မိုင်းနှစ်လုံးပေါက်ကွဲတာကြောင့် ကလေးငယ်တစ်ဦးနဲ့ လူကြီးတစ်ဦး သေဆုံးပြီး ၁၈ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူတွေကို ရွှေဘိုဆေးရုံနဲ့ အသက်အန္တရာယ် စိုးရိမ်ရသူတချို့ကိုတော့ မန္တလေးဆေးရုံကြီးအထိ လွှဲပြောင်းထားရပါတယ်။
မိုင်းကို ဘယ်အဖွဲ့အစည်းက ထောင်တယ်ဆိုတာ အတည်မပြုနိုင်သေးဘူးလို့ ရွှေဘိုမြို့နယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“ဘယ်ဘက်ကထောင်တာလဲဆိုတာတော့ ကျနော်တို့ အတည်မပြုနိုင်သေးဘူးဗျ။ လောလောဆယ် စစ်တပ်ကလည်း အဲဒီဖြစ်တဲ့ နေရာမှာရှိနေတယ်ဆိုတော့ အနားကပ်လို့မရတော့ အသေးစိတ်တော့ ကျနော်တို့ မသိနိုင်သေးဘူးခင်ဗျ”
မိုင်းနှစ်ကြိမ်ပေါက်ကွဲရာမှာ ဒိုင်နာကားတစ်စီးပေါ်က လူနှစ်ဦးနဲ့ တံတားပေါ်သွားလာနေတဲ့ ဆိုင်ကယ်စီးသူတွေကို ထိခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဘက်က ထုတ်ပြန်ချက်မှာတော့ ဒီနေ့မနက် ၉ နာရီခွဲမှာ PDF တွေ ထောင်ထားတဲ့ လက်လုပ်မိုင်းကြောင့် အသက် ၄ နှစ်နဲ့ ၁၁ နှစ်အရွယ် ကလေးငယ်နှစ်ဦး အပါအဝင် အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ရှစ်ဦး စုစုပေါင်း ၁၉ ဦး မိုင်းစထိမှန် ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ထဲက အမျိုးသားတစ်ဦးကတော့ ရရှိထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ဘုန်းဘွဲ့ရွာနဲ့ ဇီးတောရွာကြားမှာ မတ်လ ၂၅ ရက် ညနေပိုင်းကလည်း ခရီးသည်တင်ယာဉ်တစ်စီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ ထောင်ထားတဲ့မိုင်းနင်းမိခဲ့ပြီး ပေါက်ကွဲတာကြောင့် ယာဉ်ပေါ်မှာပါတဲ့ သံဃာတစ်ပါးနဲ့ လူငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကတော့ လမ်းမကြီးတွေကို ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ဖြတ်သန်း သွားလာတာတွေ မလုပ်ဖို့၊ မဖြစ်မနေ သွားရမယ်ဆိုရင် ဒေသခံ PDF တွေကို အကြောင်းကြားဖို့နဲ့ ကားတွေကို မှန်ချပြီး မောင်းနှင်ကြဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။