ရွှေဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၆၀၀ ခန့် ဧည့်တွေ့ခွင့် မရ

RFA Burmese
2024.12.03
ရွှေဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၆၀၀ ခန့် ဧည့်တွေ့ခွင့် မရ စစ်ကိုင်းတိုင်း ရွှေဘိုအကျဉ်းထောင်အား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တွေ့ရစဉ်။
MOI

စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်မှာ အကျဉ်းကျနေရတဲ့ နိုင်ငံရေးအကျဉ်းသား ခြောက်ရာဝန်းကျင်ကို မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးဘဲ ထောင်အာဏာပိုင်တွေက ဖိနှိပ်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။

ထောင်ဝင်စာတွေ့ခွင့်အတွက် ထောင်အာဏာပိုင်တွေက ကိုယ်ကျိုးရှာစီးပွားရေးလုပ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ တာဝန်ခံ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

“ထောင်အာဏာပိုင်တွေအနေနဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုပြီးမှ ထောင်ဝင်စာ ဧည့်တွေ့ခွင့်မပေးထားတဲ့ဟာကို အခွင့်ကောင်းယူပြီး ကျွန်တော်တို့ ထောင်ဝင်စာတွေ့ချင်တဲ့မိသားစုဝင်တွေကို နာရီဝက်ကို ငွေသုံးသိန်းနဲ့ ဧည့်တွေ့ခွင့်ပေးနေတာဖြစ်ပါတယ်။ ဒါဟာ လုံးဝ မလုပ်သင့်တဲ့ကိစ္စဖြစ်သလို အကျဉ်းသားအခွင့်အရေးကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်နေတဲ့လုပ်ရပ်တစ်ခုလို့ ကျွန်တော်တို့အဖွဲ့အနေနဲ့ ပြောချင်ပါတယ်’’

ရွှေဘိုအကျဉ်းထောင်မှာ ၂၀၂၄ ခုနှစ် ဇွန်လကစပြီး စစ်အုပ်ချုပ်ရေး မာရှယ်လောအမိန့်ကြောင့် လုံခြုံရေးအကြောင်းပြချက်နဲ့ ဧည့်တွေ့ခွင့် ပိတ်ပင်ထားခဲ့ပေမဲ့ နိုဝင်ဘာလကစပြီး ဧည့်တွေ့ခွင့် ပြန်ပေးထားတယ်လို့ ဆိုပါတယ်။

ဧည့်တွေ့ခွင့်ကို မိနစ်သုံးဆယ်အတွက် တစ်ဦးကို ငွေကျပ်သုံးသိန်းနှုန်းနဲ့ ခွင့်ပြုပေးထားပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုတော့ ဧည့်တွေ့ခွင့်မပေးဘူးလို့ ဆိုပါတယ်။

အကျဥ်းထောင်တွင်း ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်း အကျဥ်းဦးစီးဌာနကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

ဒါ့အပြင် အကျဥ်းသားတွေအတွက် ကျွေးမွေးရာမှာ သတ်မှတ်နှုန်းထားအတိုင်း မလုပ်ဆောင်ဘဲ ထောင်ဝန်ထမ်းတွေက ကိုယ်ကျိုးအတွက် လုပ်ဆောင်နေတယ်လို့လည်း PPNM က ထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။