စစ်ကြောင်းတွေကြောင့် ရွှေဘိုက ဒေသခံ သုံးထောင်ကျော် စစ်ဘေးရှောင်နေရ
2023.04.27
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အနောက်ဘက်မှာရှိတဲ့ ကျေးရွာတွေဆီကို ဧပြီ ၂၆ ရက်နေ့ ည ၁၁ နာရီကျော်က စစ်ကြောင်းတွေ ဝင်ရောက်လာလို့ ဒေသခံ သုံးထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။
ချီပါရွာ၊ ဆိပ်ခွန်ရွာ၊ တင့်တယ်ရွာ၊ ကျောက်မြင့်ရွာ၊ နံ့သာရွာနဲ့ ဘိုတဲကုန်းရွာ စတဲ့ ရွာ ခြောက်ရွာက ဒေသခံ သုံးထောင်ကျော် ထွက်ပြေးနေရတာလို့ ဆိုပါတယ်။
အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကြောင်းဟာ ဧပြီလ ၂၆ ရက်နေ့ညပိုင်းမှာ ဗိုလ်တဲကုန်းရွာ အနီးကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကာ ရွာကိုဝင်ရောက်စီနင်းခဲ့တယ်လို့ ရွှေဘိုမြို့၊ ဗိုလ်တဲကုန်းရွာမှာ နေထိုင်တဲ့ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
"မနေ့က ညကြီး ၁၁ နာရီလောက်မှာ စစ်ကြောင်းက ဗိုလ်တဲကုန်းကို ဝင်လာတာပေါ့၊ လက်နက်ကြီး ပစ်ခတ်သံတွေက တဖြည်းဖြည်းနီးလာတော့ စစ်ကြောင်းဝင်ပြီဆိုတာ သိပြီး အကုန်ဒရောသောပါး ထွက်ပြေးကြရတယ်။ ကြိုပြီးသတင်းမရခဲ့တော့ အဝတ်တစ်ထည်၊ နှစ်ထည်လောက်ပဲ ပါလာခဲ့တယ်၊ အခုအထိ ရွာအနားမှာ စစ်ကြောင်းရှိနေသေးပါတယ်"
ဗိုလ်တဲကုန်းရွာဟာ အိမ်ခြေ နှစ်ရာ၊ လူဦးရေ လေးရာကျော်ရှိပြီး စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြတဲ့ တောင်သူတွေများတယ်လို့ ဆိုပါတယ်။
စစ်ကြောင်းတွေကြောင့် နေအိမ်တွေမှာ နေထိုင်ဖို့ မလုံခြုံတာကြောင့် နီးစပ်ရာရွာတွေ လည်း တောတောင်တွေထဲကို ထွက်ပြေးနေကြရတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်းတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီ ဆောင်ရွက်နေတဲ့ အခြေအနေသိရဖို့ စစ်ကိုင်းတိုင်းက လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
ဒေသခံတွေကို ကူညီထောက်ပံ့ပေးနေတဲ့ စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်နေတဲ့ ကိုဇာနည်ကတော့ ရေနဲ့အခြေခံဆေးဝါးတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
"စစ်ကြောင်းတွေရဲ့ အခြေအနေပေါ်မူတည်ပြီး စစ်ဘေးရှောင်ရတာဆိုတော့ တစ်ခါတလေလည်း ရက်ကကြာသလို တစ်ခါတလေလည်း နေ့ပိုင်းပဲ ရှောင်ရတာ ရှိတယ်ပေါ့၊ အခုရာသီက ပူလွန်းတော့ ရေအဓိက လိုအပ်တယ်။ အသက်ကြီးပိုင်းတွေဆို ရာသီဥတုဒဏ်ကြောင့် အမောဖောက်တာတွေရှိတယ်၊ အခြေခံဆေးဝါးနဲ့ ရေ၊ စားနပ်ရိက္ခာတွေ အဓိက လိုအပ်နေတာပေါ့"
စစ်ဘေးဒုက္ခသည်အများစုမှာ ကလေးသူငယ်၊ အသက်အရွယ်ကြီးရင့်သူတွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေလည်း ပါဝင်နေပြီး သူတို့အတွက် အခြေခံကျန်းမာရေး အထောက်အကူပြု ပစ္စည်းတွေ ပိုလိုအပ်တယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ဧပြီလ ၁၉ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့သူ တစ်သန်းရှစ်သိန်းကျော် ရှိခဲ့ပြီဖြစ်ပါတယ်။