ရွှေကျင်နဲ့ ကျောက်ကြီးက စစ်ကောင်စီတပ်စခန်းသုံးခု တိုက်ခိုက်သိမ်းပိုက်ခံရ

2022.11.13
ရွှေကျင်နဲ့ ကျောက်ကြီးက စစ်ကောင်စီတပ်စခန်းသုံးခု တိုက်ခိုက်သိမ်းပိုက်ခံရ စစ်ကောင်စီတပ်စခန်းများကို KNU နှင့် ပူးပေါင်းအဖွဲ့က ဝင်ရောက်သိမ်းပိုက်စဉ်။
Photo: Karen History

ပဲခူးတိုင်း၊ ရွှေကျင်နဲ့ ကျောက်ကြီးမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းသုံးခုကို KNU/KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ နိုဝင်ဘာလ ၁၂ ရက် မနေ့က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ ရွှေကျင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ဒီနေ့ပြောပါတယ်။

“မနေ့က သိမ်းလိုက်တဲ့ စခန်းတွေက ဘောကထစခန်းရယ်၊ တုံးတံတား စခန်းရယ်။ ညနေမစောင်းခင်မှာ သံဆိပ် စခန်းပေါ့။ စခန်းသုံးခု သိမ်းလိုက်တယ်။ မနက်အစောကြီး ၃ နာရီလောက်ကစပြီး တိုက်ပွဲစဖြစ်တာ။ စစ်ကောင်စီ ဘက်က ထိခိုက်ကျဆုံးမှု များတယ်။ ဒုတပ်ရင်းမှူးတစ်ယောက် ကျတယ်လို့ သတင်းရတယ်”

ဘောကထစခန်းဟာ ရွှေကျင်မြို့ကနေ ၁၅ မိုင်ခန့်ဝေးပြီး သံဆိပ်စခန်းကတော့ ရွှေကျင်မြို့နဲ့ ၇ မိုင်ခန့် ဝေးသလို ဒီတိုက်ပွဲကို KNU တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၇)၊ တပ်ရင်း (၉) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ "ရိုးမ" ပဲခူးတိုင်း၊ တပ်ဖွဲ့ (၃၇၀၂)၊ BPDF-Yoma တို့ ပါဝင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်ကို တက်လာတဲ့ ဓာတ်ပုံတချို့အရ တိုက်ခိုက်ခံရ တဲ့အထဲမှာ စစ်ကောင်စီတပ်ရဲ့ အမှတ် (၄၈) ခြေလျင်တပ်ရင်း လက်အောက်ခံ တပ်စခန်း တွေ ပါဝင်ပါတယ်။

တိုက်ပွဲဖြစ်နေချိန်အတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ခြောက်ကြိမ်ထက် မနည်းလာရောက်ပြီး ဂျက်တိုက်လေယာဉ်နဲ့ စစ်ရဟတ်ယာဉ်တွေပေါ်က ဗုံးကြဲတာ၊ စစ်သေနတ်တွေနဲ့ ပစ်ခဲ့တာကြောင့် ကျောက်ကြီးမြို့နယ် ပဒဲကောရွာက နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ပြောပါတယ်။

တိုက်ပွဲကြောင့် ဒေသခံတစ်ထောင်ဝန်းကျင် ရွှေကျင်မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေရ သလို လမ်းမှာ တားဆီးခံထားရတဲ့ စစ်ဘေးဒုက္ခသည်တွေလည်း ရှိတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ စီးပွားရေး ဝန်ကြီး ဦးတင်ဦးကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေဆိုတာ မရှိသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေထဲက တပ်မဟာ (၁)၊ တပ်မဟာ(၃)၊ တပ်မဟာ (၅) နဲ့ တပ်မဟာ (၆) အပါအဝင် တပ်မဟာပေါင်း (၆) ခုမှာ အာဏာသိမ်းပြီး နောက်ပိုင်း တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ အခြေစိုက်စခန်းကိုးခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ဗဟိုက ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှာ သတင်း ထုတ်ပြန်ခဲ့ ပါတယ်။

ဒါ့အပြင် KNU ထိန်းချုပ်နယ်မြေတွေအတွင်း ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကနေ ၂၀၂၂ ခုနှစ် ဩဂုတ်လအထိ လပေါင်း ၂၀ အတွင်းဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် အရပ်သားတစ်ရာ ကျော် သေဆုံးခဲ့ပြီး သုံးသိန်းကျော် ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရတယ်လို့ KNU ဘက် က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။