စဥ့်ကူးမှာ လက်နက်ကြီးကြောင့် ကလေးနှစ်ဦး သေဆုံး
2024.09.02
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် သီလှရွာကို သြဂုတ်လ ၃၁ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စဉ့်ကူးမြို့ရဲ့ ဧရာ၀တီမြစ်တစ်ဖက်ကမ်း ကျောက်မြောင်းမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာဖြစ်ပြီး သေဆုံးတဲ့နှစ်ဦးအပြင် ဒဏ်ရာရသူတွေလည်းရှိတယ်လို့ စဉ့်ကူးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ရွှေဘိုမြို့နယ် ကျောက်မြောင်းဘက်မှာ ထိုင်ထားတဲ့ စစ်ကောင်စီတပ်က အရှေ့ဘက်ကို အမြဲလှမ်းလှမ်းပစ်တာ ။ တစ်ခါတစ်ခါပစ်ရင် ခုနစ်ချက်၊ ရှစ်ချက်ပစ်တာ။ သူတို့က PDF တွေကို ပစ်မှတ်ထားပေမဲ့ ရွာထဲတွေကိုကျတာ။ အဲဒီမှာ အိမ်မှာ နေနေတဲ့ ကလေးနှစ်ယောက် ဆုံးသွားတာ။ ဘေးနားပတ်၀န်းကျင်က တချို့လည်း ထိခိုက်ဒဏ်ရာရကြတယ်”
သေဆုံးသူတွေဟာ အသက် ၁၄ နှစ်အရွယ် မိန်းကလေး တစ်ဦးနဲ့ ငါးနှစ်အရွယ် ယောက်ကျားလေး တစ်ဦးဖြစ်တယ်လို့ သူက ပြောပါတယ်။
ဩဂုတ်လ ၂၆ ရက်နေ့ကလည်း ကျောက်မြောင်းမြို့က စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် စဉ့်ကူးမြို့နယ် ပင်လယ်ကြီးရွာက ကိုယ်ဝန်ဆောင်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ ဩဂုတ်လ တစ်လအတွင်း နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား ၄၅ ဦး သေဆုံးခဲ့ပါတယ်။