အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန် မြန်မာ အဆိုပြုချက် စင်ကာပူ ကန့်ကွက်
2011.05.07
အာဆီယံညီလာခံနဲ့ နီးစပ်သူ အရာရှိတဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ထိုင်းနိုင်ငံအခြေစိုက် The Nation သတင်းစာကြီးရဲ့ အင်တာနက်စာမျက်နှာမှာ အခုလို ဖော်ပြထားပါ။ မြန်မာနိုင်ငံကို ၂ဝ၁၄ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် လက်ခံမခံ ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းရဖို့ အလားအလာရှိတယ်လို့လည်း ဆိုပါတယ်။
တကယ်လို့ မြန်မာနိုင်ငံကို ၂ဝ၁၄ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌနေရာ ပေးဖို့ အများသဘောတူညီချက် မရရှိခဲ့ရင် မူလ သတ်မှတ်ထားတဲ့အတိုင်း ၂ဝ၁၆ ခုနှစ်ကျမှသာ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူရဖို့ ရှိတယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံဟာ ၂ဝဝ၆ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူဖို့ ရှိပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာဖိအားကြောင့် အလှည့် ကျော်ခဲ့ပါတယ်။ အခု ၂ဝ၁၄ ခုနှစ်ဟာ လာအိုနိုင်ငံရဲ့ အလှည့်ဖြစ်ပေမယ့် လာအိုအစား မြန်မာက အလှည့် ဝင်ယူဖို့ အဆိုပြုထားတာ ဖြစ်ပါတယ်။
အာဆီယံဥက္ကဋ္ဌနေရာကို နှစ်စဉ် တနိုင်ငံချင်း အလှည့်ကျ တာဝန်ယူဖို့ သတ်မှတ်ထားချက်အရ ၂ဝ၁၂ အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ကမ္ဘောဒီးယား၊ ၂ဝ၁၃ အတွက် ဘရူနိုင်း၊ ၂ဝ၁၄ လာအိုနဲ့ ၂ဝ၁၅ မှာ မလေးရှားနိုင်ငံတို့က တာဝန်ယူရမှာ ဖြစ်ပါတယ်။