ဟစ်ဟော့အဆိုတော် ဗျူဟာဖမ်းဆီးခံရ

RFA Burmese
2023.05.24
ဟစ်ဟော့အဆိုတော် ဗျူဟာဖမ်းဆီးခံရ ဟစ်ဟော့အဆိုတော် ဗျူဟာကို ၂၀၂၃ ခုနှစ် ဧပြီ ၅ ရက်နေ့က တွေ့ရစဉ်။
Byuhar Facebook

နိုင်ငံကျော် တေးရေး၊ တေးဆို ဆရာနိုင်မြန်မာရဲ့သားဖြစ်တဲ့ ဟစ်ဟော့အဆိုတော် ဗျူဟာ ဒီနေ့ မေလ ၂၄ ရက် မနက်က အဖမ်းခံလိုက်ရပါတယ်။

လျှပ်စစ်မီးတွေမှန်အောင်မပေးနိုင်တဲ့အတွက် သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ရုပ်သံလွှင့်ပြီး စစ်ကောင်စီခေါင်းဆောင်နဲ့ လျှပ်စစ်ဝန်ကြီးကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ပြောဆိုလိုက်တဲ့ နောက်ပိုင်း အဖမ်းခံလိုက်ရတာပါ။

အဆိုတော် ဗျူဟာအဖမ်းခံထားရတာမှန်ကန်တဲ့အကြောင်းနဲ့ လက်ရှိ မြောက်ဒဂုံရဲစခန်းမှာ ပို့ထားတဲ့အကြောင်း မိသားစုနဲ့နီးစပ်သူတစ်ယောက်က RFA ကိုပြောပါတယ်။ ဆရာနိုင်မြန်မာကိုတော့ လတ်တလောဆက်သွယ်လို့မရသေးပါဘူး။ 

အခုလို အဆိုတော် ဗျူဟာ အဖမ်းခံရတာနဲ့ပတ်သက်လို့ အမှန်ပြောတဲ့လူငယ်တွေကိုအရေးယူတာ တိုင်းပြည်ကျဆုံးနေတာလို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ထောက်ပြပါတယ်။

“လူငယ်တွေဟာ ဖေ့စ်ဘွတ်ပေါ်မှာဝေဖန်တယ်၊ ပြောတယ်ဆိုတယ်။ ပြောတဲ့ဟာတွေကလည်း အမှန်တွေချည်းပြောတာပဲ။ သို့သော်မခံနိုင်တဲ့သူတွေကတော့ အနာပေါ်တုတ်ကျသလိုဖြစ်တာပေါ့နော်။ လူငယ်တွေပြောတာအမှန်တွေချည်းပြောတာ။ သူတို့က အာဏာလိုချင်လို့ပြောတာလည်း မဟုတ်ဘူး။ တိုင်းပြည်ပျက်အောင် ပြောတာလည်း မဟုတ်ဘူး။ တိုင်းပြည်ကောင်းချင်လို့ ပြောတဲ့အပေါ်မှာ ဒီလိုလျှပ်စစ် မီးလေးမမှန်တာကို ဝေဖန်တယ်၊ မင်းတို့မလုပ်နိုင်ရင် ငါလုပ်ပြမယ်ဆိုတာ ဒါ လူငယ်တစ်ယောက်ရဲ့ ဇာတိမာန်အားတွေကို ပြောတာပဲလေ၊ အဲဒီအပေါ်မှာအရေးယူတာကတော့ ကျွန်တော်တို့နိုင်ငံဟာ ကျဆုံးနိုင်ငံဖြစ်နေပြီ တရားဥပဒေ မစိုးမိုးတော့ဘူးဆိုတာ ပြသနေတာပေါ့ဗျာ”

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ဆိုရှယ်မီဒီယာထဲမှာပါတဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်ကနေ ဆန့်ကျင်ဝေဖန်တဲ့သူတွေ ဖမ်းဆီးထောင်ချခံရတာအတော်များများရှိနေပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အနည်းဆုံး နိုင်ငံထဲမှာပါနေပြီး၊ အောက်ဆုံးအဆင့် ကိုးမှာရောက်နေပြီလို့ Freedom House အဖွဲ့က ဒီနှစ်ထဲမှာထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။