စစ်တွေမြို့ ထွေအုပ်ရုံးအနီးပစ်ခတ်မှုမှာ အမျိုးသားတစ်ဦး သေဆုံး

RFA Burmese
2023.09.15
စစ်တွေမြို့ ထွေအုပ်ရုံးအနီးပစ်ခတ်မှုမှာ အမျိုးသားတစ်ဦး သေဆုံး စစ်တွေမြို့ပေါ်မှာ သေနတ်ပစ်ခံရပြီး သေဆုံးသွားသည့် အမျိုးသားတစ်ဦးကို ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က လာရောက်သယ်ယူစဉ်။
ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

ရခိုင်ပြည်နယ် စစ်တွေမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အနီးမှာ စက်တင်ဘာ ၁၅ ရက်နေ့ ဒီနေ့ နေ့လယ်က အမျိုးသားတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေက RFA ကိုပြောပါတယ်။

အဲဒီအမျိုးသားဟာ ထွေအုပ်ရုံးအနီးက ကွမ်းယာဆိုင်ရှေ့မှာ ရပ်နေစဉ် သေနတ်နဲ့ ပစ်ခတ်ခံလိုက်ရတာလို့ အလောင်းကို ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကွမ်းယာဆိုင်ရှေ့မှာ ရပ်နေတုန်း ဆိုင်ကယ်နဲ့ လာပစ်သွားတာလို့ပြောတယ်။ ပစ်တာက တစ်ချက်ပဲ ပစ်တာတဲ့။ ကျွန်တော် သွားကြည့်တဲ့ အချိန်မှာတော့ သေနေပြီ။ အလောင်းကို ရွှေရောင်မေတ္တာအဖွဲ့က သယ်နေတယ်”

သေဆုံးသွားသူရဲ့ ကိုယ်ရေးအချက်အလက်သေးစိတ်နဲ့ သေနတ်ပစ်ခတ်ခဲ့တဲ့ သူတွေကိုတော့ တိတိကျကျ မသိရသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့ပေါ်မှာ နေ့ခင်းအချိန် လူသေဆုံးသည်အထိ ပစ်ခတ်မှုတွေ ဖြစ်နေတဲ့အတွက်လည်း စိုးရိမ်ကြောက်လန့်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ကလည်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်နှစ်ဦး စစ်တွေမြို့ပေါ်မှာ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။