စစ်တွေ လက်နက်ကြီးဒဏ်ရာရ လူနာ ရှစ်ဦး ရန်ကုန်ကို အရေးပေါ်ပို့ဆောင်ထားရ

RFA Burmese
2024.02.29
စစ်တွေ လက်နက်ကြီးဒဏ်ရာရ လူနာ ရှစ်ဦး ရန်ကုန်ကို အရေးပေါ်ပို့ဆောင်ထားရ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အထွေထွေရောဂါကုဆေးရုံကို ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မစျေးမှာ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူတွေထဲက အသက်အန္တရာယ်စိုးရိမ်ရတဲ့ လူနာရှစ်ဦးကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းမှာပဲ စစ်ကောင်စီတပ်က စစ်လေယာဉ်နဲ့ ရန်ကုန်မြို့ကို ခေါ်ဆောင်သွားတယ်လို့ မိသားစုဝင်တွေက RFA ကိုပြောပါတယ်။

ဒဏ်ရာပြင်းထန်တဲ့ ရှစ်ဦးကို အရေးပေါ် ပို့ဆောင်လိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင် တစ်ဦးက RFA ကို ပြောပါတယ်။

"စစ်တွေဆေးရုံမှာ ဒဏ်ရာပြင်းထန်တဲ့သူတွေထဲက ဒဏ်ရာပြင်းထန်တဲ့ ရှစ်ယောက်ကို ခေါ်သွားတယ်။ မနေ့ညနေပိုင်းမှာ စစ်လေယာဉ်နဲ့ ရန်ကုန်ကိုခေါ်သွားတာပါ။ အဲဒီအထဲမှာ ကျွန်တော့် ဆွေမျိုးတစ်ယောက်လည်း ပါသွားတယ်။ ဘယ်ဆေးရုံကို ခေါ်သွားလဲဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး"

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဖေဖော်ဝါရီလ ၂၉ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တစ်လုံး မြို့မဈေးအနီးက ကိုရီးယားဆိပ်ကမ်းမှာရှိတဲ့ ပျံကျဈေးမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ၁၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ရက္ခိုင့်တပ်တော် (AA) ကတော့ စစ်ကောင်စီရေတပ်က ရည်ရွယ်ချက်ရှိရှိပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁၂ ဦး သေဆုံးကာ ၃၁ ဦးဒဏ်ရာအပြင်းအထန်ရသွားပြီး နောက်ထပ် အရပ်သား ငါးဆယ်နီးပါးလည်း အသေးစားဒဏ်ရာရသွားတယ်လို့ ဖေဖော်ဝါရီလ ၂၉ ရက် ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ မတ်လ ၁ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာတော့ စစ်တွေမြို့မစျေးက ပေါက်ကွဲမှုဟာ AA အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲစတင်တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေကြောင့် သေဆုံးတဲ့အရပ်သား ၁၁၁ ဦးနဲ့ ဒဏ်ရာရသူ ၃၅၇ ဦး ရှိနေတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။