စစ်တွေထောင်က ပြောင်းရွှေ့ခံရတဲ့ အကျဉ်းသား ၃၅ဝ ကျော် ပုသိမ်ထောင်ရောက်

RFA Burmese
2024.10.12
စစ်တွေထောင်က ပြောင်းရွှေ့ခံရတဲ့ အကျဉ်းသား ၃၅ဝ ကျော် ပုသိမ်ထောင်ရောက် ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်အား တွေ့ရစဉ်။
PPNM

ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်ကနေ ပြောင်းရွှေ့သူတွေထဲက ၃၅၁ ဦး ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်ကို အောက်တိုဘာ ၁၀ ရက်နေ့ ညနေပိုင်းက ရောက်ရှိခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က အောက်တိုဘာ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

ပုသိမ်ထောင်ကိုရောက်လာတဲ့သူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားအများစုပါတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။

"အောက်တိုဘာလ ၁၀ ရက်နေ့ ညနေခင်းမှာ ပုသိမ်အကျဉ်းထောင်ကို အကျဉ်းသားတွေရောက်တယ်၊ နိုင်ငံရေးအကျဉ်းသားပါဝင်မှု အရမ်းများတယ်၊ စုစုပေါင်း ၃၀၀ ဝန်းကျင်အနည်းဆုံးရှိတယ်လို့ သိထားတယ်၊ အရေအတွက်အသေးစိတ်တော့ မသိရသေးဘူး၊ ကျွန်တော်တို့ ရတဲ့အချက်အလက်မှာတော့ ထပ်ပြီးတော့မှ အခြားထောင်တွေမှာ ဘယ်နေ့ရောက်မယ်ဆိုတာ မသိသေးပေမဲ့ ကျွန်တော်တို့ ကြားထားတဲ့ သတင်းအချက်အလက်အရဆိုရင်တော့ အခြားထောင်တွေလည်း ရောက်နိုင်ခြေရှိတယ်ပေါ့နော်၊ အခြားထောင်တွေကိုလည်း ဆက်လက်စောင့်ကြည့်တာတွေ လုပ်နေတယ်"

ထောင်ပြောင်းရာမှာ ပစ္စည်းတွေသိမ်းဖို့ အချိန်မပေးတာနဲ့ သယ်ဆောင်ခွင့်မပေးတာကြောင့် စစ်တွေထောင်ကနေ ပြောင်းလာတဲ့ အကျဉ်းသားတွေဟာ ပုသိမ်ကိုရောက်တဲ့အခါမှာ စားသောက်ရေးအတွက် ခက်ခဲနေတယ်လို့လည်း ဆိုပါတယ်။

ထောင်ပြောင်းလာသူတွေအတွက် မိသားစုက ထောင်ဝင်စာပို့ဖို့ခက်ခဲတာကြောင့် PPNM က ထောင်ဝင်စာ ပို့ဖို့စီစဉ်နေပြီး လူ ၃၅၀ ကျော်အတွက် ဝိုင်းဝန်းကူညီဖို့လည်း တိုက်တွန်းထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) က အင်အားအလုံးအရင်းနဲ့ ဝင်တိုက်တော့မယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပြီးနောက် AA နဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ၃၆၆ ဦးကို အောက်တိုဘာ ၈ ရက်နေ့ညက စစ်တွေ အကျဥ်းထောင်ကနေ ရုတ်တရက် ပြောင်းရွှေ့တာလို့ မိသားစုဝင်တွေက RFA ကို ပြောထားပါတယ်။

သူတို့ကို စစ်ရေယာဥ်သုံးစီးနဲ့ တင်ဆောင်ပြီး အင်းစိန်ထောင်နဲ့ ပုသိမ်ထောင်တွေကို ပို့ဆောင်နေတာလို့ ဆိုပေမဲ့ လတ်တလော ပုသိမ်အကျဉ်းထောင်ကိုရောက်ရှိလာပြီး အင်းစိန်ထောင်ကိုတော့ ရောက်၊ မရောက် မသိရသေးပါဘူး။

ပြောင်းရွှေ့ခံရတဲ့ထဲမှာ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာက အရပ်သား နှစ်ရာကျော် ပါဝင်ပြီး ရခိုင်ပြည်နယ် အခြေစိုက် DMG သတင်းဌာနရဲ့ သတင်းထောက်တစ်ဦး၊ ရုံးဝန်ထမ်းတစ်ဦးတို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီအကျဥ်းသားတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။