ပျောက်ဆုံးနေတဲ့ စစ်တွေတက္ကသိုလ်ကျောင်းသား ဓားဒဏ်ရာတွေနဲ့ သေဆုံးလျက်ပြန်တွေ့

2022.11.07
Share on WhatsApp
Share on WhatsApp
ပျောက်ဆုံးနေတဲ့ စစ်တွေတက္ကသိုလ်ကျောင်းသား ဓားဒဏ်ရာတွေနဲ့ သေဆုံးလျက်ပြန်တွေ့ ပျောက်ဆုံးနေသည့် စစ်တွေတက္ကသိုလ်ကျောင်းသား မောင်မျိုးထက်၏ အလောင်းကို ပုဏ္ဏားကျွန်းမြို့နယ်မှာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့က ပြန်တွေ့စဉ်။
ဓာတ်ပုံ - မေတ္တာရောင်ခြည် ဖောင်ဒေးရှင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်မှာနေထိုင်တဲ့ အသက် ၂၁ နှစ်အရွယ် တက္ကသိုလ်ကျောင်းသား မောင်မျိုးထက်ကို ပုဏ္ဏားကျွန်းမြို့နယ် အောင်မြေကုန်းသုသာန် အနီးက ချောင်းအတွင်းမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးလျက် တွေ့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်မျိုးထက်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့ ည ၈ နာရီခန့်မှာ မိသားစုနဲ့ အဆက်အသွယ်ပြတ်သွားတာဖြစ်ပြီး နိုဝင်ဘာလ ၆ ရက် မနေ့မနက် ၁၀ နာရီခန့်မှာ ရုပ်အလောင်းပြန်တွေ့တာလို့ မေတ္တာရောင်ခြည် ဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌ ကိုလင်းလင်းက RFA ကို ပြောပါတယ်။

"အလောင်းက မှောက်ခုံပေါ်နေတာ။ ရွာသားတွေ ဖုန်းဆက်တော့ ကျနော်တို့ သွားဆယ်တဲ့အခါ မိသားစုက မှဲ့တွေ၊ ဘာတွေတွေ့တော့ အတည်ပြုသွားတယ်။ ဓားဒဏ်ရာက လည်ပင်းမှာ တစ်ချက်၊ နောက်ကျောမှာ သုံးချက်ပေါ့၊ နှစ်ချက်ကတော့ တော်တော်နက်တယ်"

မောင်မျိုးထက်ဟာ ပုဏ္ဏားကျွန်းမြို့နယ် ဇာတိဖြစ်ပြီး စစ်တွေတက္ကသိုလ်မှာ သမိုင်း ဘာသာရပ်ကို တတိယနှစ် သင်ကြားနေသူဖြစ်တယ်လို့ ဆိုပါတယ်။

မောင်မျိုးထက် မသေဆုံးခင်က စစ်တွေကမ်းခြေ View Point က စားသောက်ဆိုင်တစ်ခုမှ အတူစားသောက်ခဲ့ကြတဲ့ သူငယ်ချင်းတွေကိုလည်း မိသားစုက ဆက်သွယ်နေပေမယ့် လုံး၀ဆက်သွယ်လို့ မရသေးဘူးလို့ ပုဏ္ဏားကျွန်း ဒေသခံတစ်ဦးက ပြောပါတယ်။

"ကလေးက အေးအေးဆေးဆေးသမားပါ၊ သူက စစ်တွေ View Point ကမ်းခြေက Bar ကနေ ပြန်ထွက်သွားတာ CCTV က မြင်ရတယ်။ အိမ်နဲ့ Bar ကြားမှာ ဘယ်လို ပျောက်သွားလဲ မသိဘူး။ စစ်တွေနဲ့ သူ့အလောင်းဆယ်ယူရတဲ့နေရာနဲ့ဆို ရေမိုင် ၁၀ မိုင်ကျော် ဝေးတယ်"

ပျောက်ဆုံးပြီး နှစ်ရက်အကြာမှာ ပြန်တွေ့တဲ့ မောင်မျိုးထက်ရဲ့ ရုပ်အလောင်းကို နိုဝင်ဘာ ၆ ရက် မနေ့က ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးကနေတဆင့် မြို့မသုသာန်ကို ပို့ဆောင်သင်္ဂြိုဟ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။