ထိုင်း-မြန်မာနယ်စပ် မြဝတီမှာ စမတ်ကတ် တုံကင်ကြိုထုတ်ပေးမှုကို ယာယီရပ်ဆိုင်း

RFA Burmese
2024.05.09
ထိုင်း-မြန်မာနယ်စပ် မြဝတီမှာ စမတ်ကတ် တုံကင်ကြိုထုတ်ပေးမှုကို ယာယီရပ်ဆိုင်း မြဝတီမြို့ လဝကရုံးရှေ့တွင် UID လက်မှတ် ထုတ်ယူရန် တုံကင်စောင့်ဆိုင်းနေသူများကို ၂၀၂၄ ခုနှစ် မေလ ၂ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့မှာ စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးဌာနက စမတ်ကတ် UID နံပါတ် (Unique Identity Number) အတွက် တုံကင်စနစ် ကြိုထုတ်ပေးမှုကို မေ ၈ ရက် မနေ့ကစပြီး ယာယီရပ်ဆိုင်းထားတယ်လို့ မြ၀တီမြို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဘာကြောင့်ရပ်ဆိုင်းတယ်ဆိုတာကိုတော့ အသိပေးတာမရှိဘူးလို့ အမည်မဖော်လိုတဲ့ မြဝတီဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့ကစပြီး ယာယီရပ်ဆိုင်းတယ်။ မြ၀တီမှာ ပွဲစားတွေနဲ့ ငွေကြေးယူပြီးတော့ အမြန်လုပ်တာက နည်းနည်းပြန့်သွားတယ်။ သူတို့က ဘယ်လိုပုံစံနဲ့ ပြန်သွားမလဲ မသိဘူး။ ဘယ်နေ့ကနေ ဘယ်နေ့အထိ ယာယီရပ်ဆိုင်းတယ်လို့လည်း အတိအကျ မထုတ်ပြန်ဘူး။ သူတို့လုပ်ပေးမယ့်နေ့ကို ကြေညာဘုတ်တင်ပြီးပဲ အသိပေးမယ်လို့ သိရတယ်။ ဘယ်နေ့မှာ လုပ်ပေးမယ်ဆိုတာ အခုအချိန်အထိ မသိရသေးဘူး"

ဒီလိုယာယီရပ်ဆိုင်းထားပေမယ့် သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးမကောင်းသူတွေနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကိုတော့ ယာယီဖြတ်သန်းခွင့်ရရှိအောင် လုပ်ပေးနေတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

မေလ ၁ ရက်နေ့ကစလို့ မြ၀တီကနေ ထိုင်းနိုင်ငံထဲ သွားရောက်လိုသူတွေကို စစ်ကောင်စီက စမတ်ကတ် UID နံပါတ်ပါမှသာ ခွင့်ပြုပေးနေတာပါ။ ဒါကြောင့် မြ၀တီမြို့က လူဝင်မှုကြီးကြပ်ရေးရုံးမှာ လာရောက်လျှောက်ထားသူ တစ်ရက်ကို လူဦးရေ ခြောက်ရာနီးပါး ရှိတယ်လို့ ဆိုပါတယ်။ ဒီလို လာရောက်လျှောက်ထားသူ များပြားတာကြောင့် ကတ်အမြန်ရရှိဖို့ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တရားမဝင် စျေးကွက်တွေ ပေါ်ပေါက်ခဲ့ပါတယ်။

စမတ်ကတ် UID နံပါတ်ပြုလုပ်ရာမှာလည်း နိုင်ငံသားစိစစ်ရေးကတ်ပြား အိမ်ထောင်စုစာရင်းနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနမှာ ရှိနေတဲ့ အချက်အလက်တွေ တိုက်ဆိုင်စစ်ဆေးပြီး အချက်အလက်မှန်ကန်မှသာ ထုတ်ပေးနေတာဖြစ်ပြီး အချက်အလက် မှားယွင်းမှုတွေ များနေတာကြောင့် နှောင့်နှေးကြန့်ကြာမှုတွေလည်း များနေတယ်လို့ UID နံပါတ်လာရောက်လျှောက်ထားသူတစ်ဦးက ဆိုပါတယ်။

လက်ရှိမှာ လူဝင်မှုကြီးကြပ်ရေးရုံးက UID နံပါတ်လျှောက်ထားလာသူတွေကို အချိန်တစ်လလောက်အထိ တုံကင်လက်မှတ် ကြိုတင်ထုတ်ပေးထားတာကြောင့် မြ၀တီမြို့တွင်းမှာ စောင့်ဆိုင်းနေရသူတွေ များပြားနေတယ်လို့လည်း နောက်ထပ် မြဝတီဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီမှာ စောင့်နေတဲ့သူတွေ အများကြီးပဲ။ မြ၀တီမြို့ တည်းခိုခန်းတွေမှာ အပြည့်ပဲ။ မရသေးလို့ဆိုပြီး စောင့်နေတဲ့သူတွေရော အများကြီးပဲ။ တချို့တွေက မြ၀တီမှာ နေနိုင်တဲ့သူတွေက နေကြတယ်။ တချို့တွေက အုပ်စုတွေ ဖွဲ့ပြီး ဘားအံကို ဆင်းသွားကြတယ်။ ဘာလို့လဲဆိုရင် ဒီမှာစောင့်မယ်ဆိုရင် လကုန်နီးပါး ဖြစ်သွားမယ်။ ကားစုငှားပြီး ဘားအံကို ဆင်းတယ်။ တချို့ကတော့ လှိုင်းဘွဲ့ကို သွားကြတယ်"

UID နံပါတ်ဟာ အသက် ၁၀ နှစ်အထက်ရှိသူတွေရဲ့ ဇီ၀အချက်အလက်နဲ့ ကိုယ်ရေးအချက်အလက်တွေကို စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ကောက်ယူပြီးနောက် သက်သေခံ မှတ်ပုံတင်အဖြစ် ထုတ်ပေးတဲ့ ဂဏန်း ဆယ်လုံးပါ လက်မှတ် (Unique Identity Number) ဖြစ်ပါတယ်။

မေလ ၁ ရက်နေ့ကစလို့ တရုတ်၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေကို နယ်စပ်ဖြတ်သန်းခွင့် လျှောက်တဲ့အခါ စစ်ကောင်စီက နိုင်ငံသားစိစစ်ရေးကတ်နဲ့ ခွင့်မပြုတော့ဘဲ UID နံပါတ်ပါမှသာ ခွင့်ပြုနေတာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။