လူမှုကွန်ရက်မှာ အာဏာရှင်ဆန့်ကျင်ကြောင်း ရေးသားမှုနဲ့ လူ ၁၀ ဦး အမှုဖွင့်ခံရ
2023.02.09
မြန်မာနိုင်ငံမှာ အသုံးများတဲ့ ဖေ့စ်ဘွတ်ခ်၊ TikTok စတဲ့ လူမှုကွန်ရက်တွေကတစ်ဆင့် စစ်ကောင်စီကို ဆန့်ကျင်ရေးသားတာ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံတာနဲ့ PDF တွေကို ထောက်ခံရေးသားတာတွေကြောင့် လူ ၁၀ ဦးကို အမှုဖွင့်ထားတယ်လို့ ဖေဖော်ဝါရီလ ၈ ရက်နဲ့ ၉ ရက်နေ့က စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်နေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးကတော့ ဒါဟာ တရားမျှတမှုမရှိဘူးလို့ ထောက်ပြပါတယ်။
“ဒီမိုကရေစီနိုင်ငံတွေမှာတော့ ရေးသားခွင့်ရှိတယ်။ ဥပဒေလည်း ရှိတယ်။ ဒီနိုင်ငံမှာ ဥပဒေက မရှိသလောက်ကို ဖြစ်နေတာ။ ဖေ့စ်ဘွတ်ခ်ပေါ်တင်တာက ကိုယ့်စိတ်ခံစားချက်အရပဲ။ ကြိုက်နှစ်သက်ရင် လိုက်ခ် လုပ်ချင်လုပ်မယ်။ ကွန်းမန့် ရေးရင်ရေးမယ်။ ရှယ်ချင်ရင်ရှယ်မယ်။ အဲလိုလုပ်လို့ အရေးယူတာကို တရားတယ်၊ မတရားဘူး ဘယ်လိုသွားပြောမလဲဗျာ။ ဥပဒေစကားပြောရရင်တော့ အာဏာရှင်မှာ ဥပဒေ မရှိဘူးဗျ”
ဖေဖော်ဝါရီလ ၈ ရက်နဲ့ ၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြချက်တွေအရ လယ်ဝေး၊ ပုသိမ်ကြီးနဲ့ မှော်ဘီမြို့နယ်က လူသုံးဦးနဲ့ အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ မင်္ဂလာတောင်ညွန့်၊ လယ်ဝေး၊ မကွေးမြို့နယ်တွေက လူခုနစ်ဦး၊ စုစုပေါင်း ၁၀ ဦး အမှုဖွင့်ခံထားရတာဖြစ်ပါတယ်။
သူတို့ကို နိုင်ငံတော် ဆူပူအောင် လှုံ့ဆော်မှုနဲ့ တပ်တွင်းဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ- ၅၀၅ (က) (ခ)၊ ပြည်ထောင်စုနိုင်ငံ လုပ်ငန်းအဖွဲ့ကို ဖြိုဖျက်ဖို့ နှိုးဆော်မှု ပုဒ်မ - ၁၂၄ (ခ)၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ- ၅၂ နဲ့ ၅၄ ၊ အီလက်ထရွန်နစ် ဆက်သွယ်ရေး ပုဒ်မ- ၃၃ (က) စတဲ့ ပုဒ်မမျိုးစုံနဲ့ အရေးယူမယ်လို့လည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဏာရှင်ဆန့်ကျင်ရေး အကြောင်းအရာတွေကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ကြိုက်နှစ်သက်ကြောင်း လိုက်ခ်ပေးတာ၊ ပြန်လည်မျှဝေတာနဲ့ NUG၊ CRPH၊ PDF အဖွဲ့တွေကို ငွေကြေးထောက်ပံ့တာမျိုး လုပ်ရင် အနည်းဆုံး ထောင် နှစ်နှစ်ကနေ သေဒဏ်အထိ ချမှတ်နိုင်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့က နေပြည်တော်မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ခြိမ်းခြောက်ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ပြီး လူမှုကွန်ရက်မှာရေးသားတာ၊ ဝေမျှတာတွေ လုပ်ဆောင်ခဲ့သူတွေ နေ့စဉ်နဲ့အမျှ အမှုဖွင့်ခံနေကြရတယ်လို့လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှား သူတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း ဖမ်းဆီးခံထားရသူ ၁၃,၈၅၆ ဦးအထိရှိခဲ့ပြီး ၂၃၇၆ ဦး ထောင်ဒဏ် အသီးသီးချမှတ်ခံ ထားရပါတယ်။