ဖုန်းနဲ့ ဆိုရှယ်မီဒီယာကနေ ခြေရာခံ ဖမ်းဆီးမှုတွေကို လူငယ်တွေ သတိထားနေရ
2021.06.02
အာဏာသိမ်းစစ်ကောင်စီအနေနဲ့ မတရား တရားစွဲခံထားရသူတွေနဲ့ လူငယ်တွေကို နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေနဲ့ ရှာဖွေဖမ်းဆီးတာတွေလုပ်နေနိုင်တယ်လို့ လူငယ်တွေက ပြောကြပါတယ်။
စစ်ကောင်စီအနေနဲ့ ဖမ်းချင်သူတွေရဲ့ တည်နေရာ အနီးစပ်ဆုံးကို ဆက်သွယ်ရေး အော်ပရေတာတွေထံကနေ အတင်းအဓမ္မ တောင်းယူပြီး စောင့်ကြည့်ထောက်လှမ်းတာတွေ လုပ်နေတယ်လို့လည်း ပြောဆိုနေကြပါတယ်။
အမည်မဖော်လိုတဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ယောက်ကတော့ စစ်ကောင်စီအနေနဲ့ သူတို့ ဖမ်းချင်တဲ့သူ ဒါမှမဟုတ် အဖမ်းခံရသူဆီက ရရှိလာတဲ့ ဖုန်းမှတ်တမ်းတွေလောက်ပဲ စောင့်ကြည့် ထောက်လှမ်းနိုင်တယ်လို့ ပြောပါတယ်။
"လုပ်နေနိုင်လားဆိုတော့ တိုတိုဖြေရရင်တော့ လုပ်နေနိုင်တယ်ပေါ့နော်၊ တယ်လီဖုန်း ရိုးရိုးဖုန်းလိုင်းတွေ ပြောဆိုနေတာမျိုးကို စောင့်ကြည့်ပြီးတော့ နားထောင်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့လေ၊ အင်တာနက်တွေ ဘာတွေကနေ စောင့်ကြည့်တာမျိုးကတော့ ရှိနိုင်တယ်ဆိုပေမယ့် အဲဒီနှစ်ခုမှာ ဆိုရင် တော့ ဖုန်းလိုင်းကို ကြားဖြတ် နားထောင်မျိုးကတော့ ပိုပြီးတော့ လွယ်ကူနိုင်တယ်၊ အင်တာနက်လို ဟာမျိုးကတော့ အင်တာနေရှင်နယ် Gate way တွေဖြတ်ပြီး ထွက်ရတာတာကိုး၊ ဒါပေမဲ့ သူတို့က အဲဒီကနေ စောင့်ကြည့်ပြီး ဆင်ဆာလုပ်တာမျိုးတော့ လုပ်ကောင်းလုပ်နိုင်တယ်၊ ဒါပေမဲ့ အဲဒီလိုလုပ်ခဲ့ရင် တောင် ဥပမာပြောရရင် ဖေ့စ်ဘွတ် မက်ဆင်ဂျာကနေ ဖုန်းခေါ်တာမျိုးလုပ်လို့ရှိရင် သူတို့စောင့်ကြည့်နိုင်ဖို့ က သိပ်ပြီးတော့ မလွယ်ကူဘူးပေါ့။"
တရုတ်နိုင်ငံရဲ့ နည်းပညာ အကူအညီနဲ့ ဆိုရှယ်မီဒီယာကို ထိန်းချုပ်တာတွေတော့ လုပ်နေနိုင်ပေမယ့် ဖမ်းဆီးနိုင်ဖို့လောက်အထိတော့ မဖြစ်နိုင်ဘူးလို့ သူက ဆက်ပြောပါတယ်။
ဆက်သွယ်ရေးကုမ္ပဏီတွေက သူတို့ဆင်းကတ်တွေ ငွေဖြည့်တာနဲ့ အင်တာနက် ပက်ကေ့ချ်ဝယ်ဖို့အတွက် ထုတ်ထားတဲ့ မိုးဘိုင်းအပလီကေးရှင်းတွေနဲ့ ဘဏ်နဲ့သက်ဆိုင်တဲ့ အသုံးပြုမှုတွေကိုတော့ သတိထားဖို့လိုတယ် လို့ နည်းပညာကျွမ်းကျင်သူတွေက ဆိုပါတယ်။
လူငယ်တွေအနေနဲ့လည်း စစ်ကောင်စီက အာဏာသိမ်းပြီးကတည်းက ဆိုရှယ်မီဒီယာရော ဖုန်းဆင်းကတ်ရော အသုံပြုတာကို သတိထားနေကြရပါတယ်။
ဆိုရှယ်မီဒီယာ အသုံးပြုမှုတွေကနေ နေရာကိုသိနိုင်တာကြောင့် ဂရုစိုက်နေရပြီး ဖုန်းဆင်းကတ်တွေကိုလည်း မကြာခဏ ပြောင်းသုံးနေရတယ်လို့ Generation Z လို့ခေါ်တဲ့ လူငယ်တစ်ယောက်က RFA ကို ပြောပါတယ်။
"လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတော့ ဖုန်းပြောနေရင်းနဲ့ ကြားဖြတ်ပြီးတော့ နားထောင်တဲ့ ပုံစံမျိုး တစ်ခုတော့ ရှိတယ်၊ သူတို့ကတော့ သူတို့လုပ်စရာရှိတဲ့အလုပ်ကို သူတို့လုပ်ကြမယ်၊ သူတို့ ယုတ်မာနိုင်တဲ့ နည်းလမ်း၊ သူတို့လုပ်နိုင်တဲ့နည်းလမ်းနဲ့ အကုန်လုံး လုပ်နေလိမ့်မယ်၊ ကျွန်တော်တို့ကတော့ အစောကြီး ကတည်းက ဒီကိစ္စတွေ စလုပ်ကတည်းက လူငယ်တွေအကုန်လုံးက သတိထားတယ်၊ ဒါတွေဖြစ်လာမယ် ဆိုတာ သိတဲ့အတွက် ဖုန်းနံပါတ်တွေဆိုလည်း တစ်ခုပြီးတစ်ခု ပြောင်းတာမျိုးတွေ၊ လုံခြုံဖို့အတွက် အွန်လိုင်းပေါ်ကနေ လုပ်တာမျိုးတွေရှိတယ်၊ စိုးရိမ်မှုတွေကတော့ ရှိတယ်။ ဒါပေမဲ့ ကျွန်တော်ဒီကနေပြီး တစ်ခုပြောချင်တာက ရန်သူကို အရမ်းကြီးလည်း လျှော့မတွက်ပါနဲ့၊ အရမ်းကြီးလည်း ကြောက်ပြီးတော့ အထင်ကြီးနေစရာ မလိုဘူးပေါ့နော်၊ ကျွန်တော်တို့ သွားနေတဲ့လမ်းကြောင်းက မှန်နေတယ်၊ အခု လောလောဆယ်မှာတော့ ဖုန်းကနေလိုက်လို့ မိတယ်ဆိုတဲ့ သတင်းကတော့ မြေအောက်မှာရော၊ မြေပေါ် အဓိကလမ်းကြောင်းမှာရော ကြားရတယ်ဆိုတာ မရှိသေးပါဘူး။"
ဒါပေမဲ့လည်း ဖုန်းတိုင်းကို ထိုင်စောင့်ကြည့်နိုင်တာမဟုတ်တာကြောင့် အရမ်းမစိုးရိမ်သလို စစ်ကောင်စီဘက် က မှတ်သားထားနိုင်တဲ့ စကားလုံးတွေအစား အခြားစကားလုံးနဲ့ လွှဲပြောင်း ပြောတာမျိုးလုပ်နေတယ်လို့ သူကဆိုပါတယ်။
"ကိုယ့်အတွက် မလိုအပ်ဘူးဆိုရင် လိုကေးရှင်း (တည်နေရာ)တို့၊ ဂျီပီအက်စ် ဆင်ဆာတို့ကို မလိုအပ်တဲ့အချိန် ပိတ်ထားတာကောင်းတယ်"
အင်တာနက်နဲ့ အသုံးပြုရတဲ့ ဆိုရှယ်မီဒီယာတွေကနေ စုံစမ်းထောက်လှမ်းဖို့ ဖြစ်နိုင်ချေနည်းပေမယ့် မလိုအပ်ရင်တော့ တည်နေရာပြတဲ့ ဝန်ဆောင်မှုတွေကို ပိတ်ထားသင့်တယ်လို့ အမည်မဖော်လိုတဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူက ပြောပါတယ်။
"တကယ်တမ်းကတော့ သူတို့ ထောက်လှမ်းသည်ဖြစ်စေ၊ မထောက်လှမ်းသည်ဖြစ်စေ ကိုယ်ဘယ်မှာ ရှိတယ် ဆိုတဲ့ တည်နေရာကိုပြတဲ့ ကိုယ်ရေးကိုယ်ထာ အချက်အလက်ပေါ့၊ အဲဒါတွေက တတ်နိုင်သမျှ ဘယ်သူမှ မသိလေ ကောင်းလေပဲ၊ အဲဒီတော့ ကိုယ့်အတွက် မလိုအပ်ဘူးဆိုရင် လိုကေးရှင်း (တည်နေရာ) တို့၊ ဂျီပီအက်စ် ဆင်ဆာတို့ကို မလိုအပ်တဲ့အချိန် ပိတ်ထားတာကောင်းတယ်၊ ပိတ်ထားတာတော့ ပိုပြီးတော့ လုံခြုံတယ်ပေါ့နော်။"
လူမှုကွန်ရက် ဖေ့စ်ဘွတ်လိုမျိုး ဆိုရှယ်အပလီကေးရှင်းတွေရဲ့ သုံးစွဲသူရဲ့ တည်နေရာ အချက်အလက်တွေကို ကုမ္ပဏီကိုယ်တိုင်က ရှာဖွေပေးမှပဲ စစ်ကောင်စီဘက်က ရနိုင်တာဖြစ်လို့ အရမ်းကြီး မစိုးရိမ်ဖို့လည်း သူကဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လူငယ်ရှေ့နေတစ်ယောက်ကလည်း လူ့အခွင့်အရေးချိုးဖောက်မှု မရှိအောင် ကာကွယ်နိုင်တဲ့ နိုင်လွတ်လုံ ဥပဒေကို စစ်ကောင်စီက ဖျက်သိမ်းခဲ့တဲ့အပေါ် သူ့အမြင်ကို ပြောပြပါတယ်။
"စိုးရိမ်မှုတွေကတော့ အထိုက်အလျောက်တော့ ရှိပါတယ်၊ ဘာလို့လဲဆိုတော့ အရင် လေး၊ ငါးရက်ကပဲ သတင်းတွေ တက်လာတယ်ပေါ့လေ၊ NLD အစိုးရလက်ထက်မှာ ထောက်လှမ်းဖို့ ဒေါ်လာ လေးသန်း သုံးပြီးတော့ ဆက်သွယ်ရေးကိစ္စတွေ လုပ်တယ်ပေါ့၊ ဒါက သူတို့လုပ်တာလား၊ စစ်ကောင်စီက လုပ်တာလား ဘယ်သူမှ သေချာမသိဘူးပေါ့လေ၊ ဒါပေမဲ့ ဘယ်သူပဲ လုပ်လုပ်ပါ။ ဒါတွေက မလုပ်သင့်ဘူး လို့ ထင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံသားတစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနဲ့ နိုင်ငံသား အခွင့်အရေးတွေကို လုံးဝချိုးဖောက်တာဖြစ်တဲ့အတွက် ဘယ်အစိုးရဖြစ်ဖြစ် မလုပ်သင့်ဘူးလို့ ထင်တယ်၊ နောက်တစ်ခုက အရင်တုန်းကဆိုရင် နိုင်လွတ်လုံ ဥပဒေဆိုတာ ရှိတယ်၊ အခုဆိုရင်တော့ သူတို့က အားလုံးနီးပါး ပုဒ်မ တော်တော်လေးနီးပါးကို စစ်ကောင်စီက ဖျက်လိုက်တယ်ပေါ့၊ နိုင်လွတ်လုံ ဥပဒေက နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို ကာကွယ်စောင့်ရှောက်ဖို့ဆိုပြီးတော့ အရင်အစိုးရက ထုတ်ပြန်ပေးထားတယ်၊ ဒါပေမဲ့ သူတို့လက်ထက်မှာတော့ ဖျက်လိုက်တယ်၊ ဘာလို့ ဖျက်လဲဆိုတာတော့ သူတို့ လုပ်ချင်တာတွေကို မတရားလုပ်ချင်လို့ လို့ပဲ ယူဆပါတယ်။"
သူကိုယ်တိုင်လည်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြနေစဉ် အဖမ်းခံခဲ့ရပြီးနောက် ပြန်လွတ်လာချိန်မှာ စက်ပိတ်ပြီး အသိမ်းခံထားရတဲ့ ဖုန်းပြန်ရတော့ သူ့နာမည်နဲ့၊ ဖုန်းနံပါတ်နဲ့၊ နာမည်နဲ့ တွဲလျက်ရေးထားတာ တွေ့ခဲ့ရတာကြောင့် အံ့ဩခဲ့ရတယ်လို့ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အစိုးရလက်ထက်မှာပဲ ဆက်သွယ်ရေးလုပ်ငန်းတွေထဲမှာ ထောက်လှမ်းမှုတွေလုပ်ဖို့ အမေရိကန်ဒေါ်လာ လေးသန်း တန်ဖိုးရှိတဲ့ပစ္စည်းတွေ ဝယ်ယူခဲ့ပြီး ဒါတွေကိုလည်း လက်ရှိ အာဏာသိမ်းစစ်ကောင်စီက ဆက်လက်အသုံးပြုနေလားဆိုတဲ့ မေးခွန်းတွေလည်း ရှိ ပါတယ်။
ဒါ့အပြင် လက်ရှိအာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ တရုတ်နိုင်ငံရဲ့အကူအညီနဲ့ ပြည်သူတွေရဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေကို ထောက်လှမ်းဖို့နဲ့ အစိုးရကို ဆန့်ကျင်တဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်း တွေကို ထိန်းချုပ်ဖို့ လုပ်ဆောင်နေတာတွေလည်း ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။
စစ်ကောင်စီအနေနဲ့ သူတို့ဖမ်းချင်သူတွေကို ငွေထုတ်စက်တွေကနေ ငွေထုတ်တာနဲ့၊ ဘဏ်ကိုအသုံးပြုခဲ့တဲ့ မှတ်တမ်းတွေကနေတစ်ဆင့် ဆက်စပ်ပြီး စုံစမ်းတာ၊ တယ်လီဖုန်း အသုံးပြုမှတ်တမ်းအရ တည်နေရာကို ဆက်စပ်စုံစမ်းတာနဲ့၊ ဒလန်လို့ခေါ်တဲ့ စစ်တပ်ထောက်ခံသူတွေနဲ့ သတင်းပေးမှုကနေ စုံစမ်းတာတွေပဲ လုပ်လို့ရတာဖြစ်ပြီး တစ်ချိန်လုံး ဖုန်းတွေနဲ့ ဆိုရှယ်မီဒီယာ အပလီကေးရှင်းတွေကို ထိုင်ကြည့်ပြီး စုံစမ်း ဖမ်းဆီးတာကတော့ ဖြစ်နိုင်ချေနည်းသလို အခုအချိန်အထိလည်း မလုပ်နိုင်သေးဘူးလို့ နည်းပညာ ကျွမ်းကျင်သူ နောက်ထပ် တစ်ယောက်က ရှင်းပြထားပါတယ်။