ဩဂုတ်လအတွင်း အရပ်သား ၂၅ ဦးသေဆုံးကြောင်း တောင်ပိုင်းစစ်ဒေသထုတ်ပြန်

RFA Burmese
2024.09.14
ဩဂုတ်လအတွင်း အရပ်သား ၂၅ ဦးသေဆုံးကြောင်း တောင်ပိုင်းစစ်ဒေသထုတ်ပြန် တောင်ပိုင်းစစ်ဒေသ မုန်းမြို့နယ် စစ်ကောင်စီ၏ ခမရ ၅၉၀ တပ်မှ လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ဒေသခံတစ်ဦးအား သယ်ဆောင်လာသည်ကို ၂၀၂၄ ခုနှစ် ဇူလိုင်လက တွေ့ရစဉ်။
တောင်ပိုင်းစစ်ဒေသ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တောင်ပိုင်းတိုင်း စစ်ဒေသမှာ ဩဂုတ်လအတွင်း စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် အရပ်သား ၂၅ ဦးသေဆုံးခဲ့ရတယ်လို့ စက်တင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

တောင်ပိုင်းတိုင်းစစ်ဒေသ ကောက်ခံရရှိတဲ့ အချက်အလက်တွေအရ သြဂုတ်လအတွင်း အတင်းအကျပ်စစ်မှုထမ်းခိုင်းဖို့နဲ့ မတရားဖမ်းဆီးခေါ်ဆောင်ခံရသူ ၆၀၀ နီးပါး (၅၉၈) ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

တောင်ပိုင်းစစ်ဒေသနယ်မြေမှာ သြဂုတ်လအတွင်း ထားဝယ်မြို့နယ်မှာ နယ်စပ်ရေးရာဝန်ကြီး ကားတန်းတိုက်ခိုက်မှု၊ တောင်ငူလေတပ်စခန်း ဌာနချုပ်တိုက်ခိုက်ခဲ့မှု အပါအဝင် စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲပေါင်း (၇၇) ကြိမ်ရှိခဲ့သလို စစ်ကောင်စီတပ်သား ၂၂၅ ဦး သေဆုံးခဲ့ပြီး ၁၇၄ ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း ရှစ်ဦး သေဆုံးခဲ့ပြီး ၃၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။ ဒီအချက်အလက်တွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။

ဒီထုတ်ပြန်ချက်ပါ စစ်ကောင်စီက အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဒီတိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တွေ၊၊ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေ၊ မွန်ပြည်သစ်(AD)ပူးပေါင်းတပ်ဖွဲ့တွေ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ရှိတပ်တွေ စတဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်းပြီး စစ်ဆင်ရေးတွေကို ဆောင်ရွက်ခဲ့တာလို့လည်း ဆိုပါတယ်။

တောင်ပိုင်းတိုင်းစစ်ဒေသအနေနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်တောင်းမြစ်ဝှမ်း စိုးမိုးရေးနဲ့ ပဲခူးရိုးမ ထိုးဖောက်ရေး စစ်ရေးစီမံချက်တွေကို အထိရောက်ဆုံးဖော်ဆောင်နိုင်ဖို့ စစ်ရေးလှုပ်ရှားမှုတွေ ဆောင်ရွက်နေတယ်လို့လည်း ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။