ရှမ်းပြည်နယ် မြောက်ပိုင်း တိုက်ပွဲဖြစ်
2011.07.27
(Photo: AFP)
တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး SSA (မြောက်ပိုင်းတပ်) ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းလက RFA ကိုပြောပါတယ်။
“ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ထဲကပေါ့။ မိုင်းလားဆိုတာ သူတို့တပ်စခန်းရှိတယ်။ အဲဒီတပ် ခလရ (၃၂၅) ချီတက်နေတုန်း ကျနော်တို့က ချုံခို တိုက်တယ်။ အဲဒီ ခလရ (၃၂၅) နဲ့ ကျနော်တို့ SSA တပ်မဟာ ၃၆ လက်အောက်ခံ တပ်နဲ့ ဒီနေ့နေ့လည် ၁၂ နာရီခွဲကနေ ၁ နာရီထိ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်ခင်ဗျ။ ခလရ (၃၂၅) က တယောက်ကျတယ်။ ၅ ယောက်လောက် ဒဏ်ရာရတယ်။ ကျနော်တို့ဖက်က ထိခိုက်မှု မရှိဘူး”
အဲဒီ တိုက်ပွဲဟာ ရှမ်းပြည် အခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်နမိတ် ဒေသမှာဖြစ်ပြီး အစိုးရတပ်သား အကျအဆုံးနဲ့ ပတ်သက်လို့ RFA က သီးခြား အတည်မပြု နိုင်သေးပါဘူး။
SSA မြောက်ပိုင်းတပ်ရဲ့ ဝမ်ဟိုင်း ဌာနချုပ်ကို မြန်မာအစိုးရ တပ်တွေ ဝိုင်းထားချိန်မှာ SSA တပ်တွေနဲ့ အစိုးရတပ် နှစ်ဖက်ကြား ကြိုကြားကြိုကြား တိုက်ပွဲငယ်တွေ ဖြစ်ပွားနေကြောင်း သိရပါတယ်။