တရုတ်စီမံကိန်းတွေကို “ဝ”တပ်က ကူညီနေကြောင်း SSFIM ဖော်ပြ

RFA Burmese
2024.09.06
တရုတ်စီမံကိန်းတွေကို “ဝ”တပ်က ကူညီနေကြောင်း SSFIM ဖော်ပြ နောင်ဖာရေကာတာစီမံကိန်းနှင့်ပတ်သက်၍ SNLD ပါတီ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံခေါင်းဆောင်များမှ ဆန့်ကျင်ဆန္ဒပြကြသည်ကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့က တွေ့ရစဥ်။
SSFIM

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်က သံလွင်မြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ တရုတ်ရဲ့ နောင်ဖာရေကာတာ စီမံကိန်းအတွက် “ဝ”တပ်မတော် (UWSA) က လမ်းခင်းပေးတာနဲ့ ကူညီဆောင်ရွက်ပေးမှုတွေ ရှိနေကြောင်း ရှမ်းပြည် ရင်းနှီးမြှုပ်နှံမှုနဲ့ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (SSFIM) က စက်တင်ဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

တရုတ်အနေနဲ့ သံလွင်မြစ်ပေါ်မှာ ရေကာတာ တည်ဆောက်ဖို့ စီစဥ်ထားတဲ့အထဲ နောင်ဖာ ရေကာတာဟာ ရှမ်းပြည်နယ်မှာ အကြီးဆုံးတစ်ခုဖြစ်ပါတယ်။

“ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တပ်ဖွဲ့က ပြီးခဲ့တဲ့ဇူလိုင်လအတွင်း တပ်သားအင်အား နှစ်ထောင်ကျော်နဲ့ တန့်ယန်းမြို့ကို ထိန်းချုပ်ပြီးနောက် ဒီစီမံကိန်းတွေစတင်ဖို့ အကူအညီပေးနေတာလို့ ဆိုပါတယ်။

နောင်ဖာ ရေကာတာ စီမံကိန်းအနီးက မန်တုံ ရေကာတာ စီမံကိန်းကို UWSA က တိတ်တဆိတ် တည်ဆောက်ခွင့်ပြုနေတာကို ဂြိုလ်တု ဓာတ်ပုံမှတ်တမ်းတွေအရ တွေ့ရတယ်လို့ SSFIM က ပြောပါတယ်။

ဒါ့ကြောင့် UWSA ဟာ တရုတ် အကျိုးစီးပွားလိုလားတဲ့ဆန္ဒနဲ့ မန်တုံ ရေကာတာ စီမံကိန်းကို ခွင့်ပြုပေးခဲ့တာကြောင့် နောင်ဖာ ရေကာတာ စီမံကိန်းလည်း ခွင့်ပြုပေးမဲ့ အခြေအနေရှိတယ်လို့ ဆိုပါတယ်။

ထင်ရှားတဲ့ အခြေအနေတစ်ခုအဖြစ် သြဂုတ် ဒုတိယပတ်မှာ တရုတ်စီးပွားရေးလုပ်ငန်းရှင် ၁၂ ဦးဟာ နောင်ဖာ ရေကာတာစီမံကိန်းကို လာရောက်ခဲ့ပြီး သူတို့ကို UWSA က လုံခြုံရေး အကူအညီပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မန်တုံ ရေကာတာ စီမံကိန်းဟာ တရုတ်အစိုးရပိုင် Hydrochina ကော်ပိုရေးရှင်းနဲ့ စစ်ကောင်စီနဲ့နီးစပ်တဲ့ IGE ကုမ္ပဏီက ဖက်စပ်စီမံကိန်းဖြစ်ပြီး သံလွင်မြစ်ပေါ်မှာတည်ဆောက်မဲ့ ၁၂၀၀ မဂ္ဂါဝပ်ရှိတဲ့ နောင်ဖာရေကာတာ စီမံကိန်း တည်ဆောက်မှု အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။

တရုတ်အနေနဲ့ သံလွင်မြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ ရေကာတာ စီမံကိန်းတွေအပေါ် ပြည်သူတွေရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေကို အလေးထားပြီး စီမံကိန်းတွေ ပယ်ဖျက်ပေးဖို့နဲ့ ဆက်လက်အကောင်အထည်မဖော်ဖို့ SSFIM က တိုက်တွန်းထားပါတယ်။

သံလွင်မြစ်ပေါ်က ရေကာတာ စီမံကိန်းတွေနဲ့ပတ်သက်လို့ “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ရဲ့ ပြောခွင့်ရသူ ဦးညီရမ်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ဒီစီမံကိန်းတွေနဲ့ပတ်သတ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနဲ့ တရုတ်အာဏာပိုင်တွေဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

သြဂုတ် ၁၄ ရက် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ မြန်မာနိုင်ငံခရီးစဥ်အတွင်း မြန်မာနိုင်ငံက တရုတ်စီမံကိန်းတွေနဲ့ တရုတ်နိုင်ငံသား ဝန်ထမ်းတွေကို လက်တွေ့ကျကျ အကာအကွယ်ပေးဖို့၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အားပေးထောက်ခံမဲ့အကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံချိန် ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။