ဌာနချုပ်ပေါ် ဂျက်တိုက်လေယာဉ်ပျံဝဲမှု ရန်လိုတဲ့ လုပ်ရပ်ဟု SSPP ဝေဖန်

RFA Burmese
2023.01.25
ဌာနချုပ်ပေါ် ဂျက်တိုက်လေယာဉ်ပျံဝဲမှု ရန်လိုတဲ့ လုပ်ရပ်ဟု SSPP ဝေဖန် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဌာနချုပ်အပေါ် ပျံဝဲခဲ့သည့် စစ်ကောင်စီ ဂျက်တိုက်လေယာဉ်အား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က တွေ့ရစဉ်။
SSPP Info

ရှမ်းပြည်နယ် ကျေးသီးမြို့နယ် ဝမ်ဟိုင်းမှာရှိတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဌာနချုပ်အပေါ် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ပျံဝဲခဲ့တာဟာ ရန်လိုတဲ့ အပြုအမူဖြစ်တယ်လို့ SSPP က ဝေဖန်ပြောဆိုပါတယ်။

FTC-2000G အမျိုးအစား ဂျက်တိုက်လေယာဉ်ဟာ ဇန်နဝါရီလ ၂၄ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်မှာ SSPP ဌာနချုပ်အပေါ် နှစ်ပတ်လောက် ပျံဝဲခဲ့တာပါ။

ဒီလုပ်ရပ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကို မေးမြန်းထားတယ်လို့ SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်က RFA ကို ပြောပါတယ်။

“ကျနော်တို့ နေပြည်တော်ကို လှမ်းမေးကြည့်တာတော့ အကြောင်းမပြန်သေးဘူး။ လေယာဉ်ပျံရလောက်တဲ့ အခြေအနေမျိုးလည်း မဟုတ်ဘူး။ ဒီနှစ်ဆန်းပိုင်းမှာ တပ်မတော် ငြိမ်းချမ်းရေးအဖွဲ့က ၂၀၂၃ နှစ်ကုန်အထိ မိမိကိုယ်ကိုကာကွယ်ရေးနဲ့လုံခြုံရေးကလွဲရင် တခြားစစ်ရေးလှုပ်ရှားမှုတွေအားလုံး ရပ်ဆိုင်းထားမယ်ဆိုတဲ့ ထုတ်ပြန်ချက်ရှိတယ်။ အခုက သူတို့ထုတ်ထားတဲ့ဟာနဲ့ မြေပြင်မှာဖြစ်နေတာက တခြားစီဖြစ်နေတယ်လို့ ပြောရမလိုဖြစ်နေတယ်”

စစ်ကောင်စီအနေနဲ့ နောက်တစ်ကြိမ် အကြောင်းမကြားဘဲ ဝမ်ဟိုင်းမြို့ပေါ် လေယာဉ် ပျံသန်းတာ၊ လေ့ကျင့်တာတွေ ထပ်လုပ်ရင် တပ်မတော်ရဲ့တာဝန်ဖြစ်တယ်လို့ ဇန်နဝါရီလ ၂၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီအပြင် လေယာဉ်ပျံသန်းမှုနဲ့ပတ်သက်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆုက စစ်ကောင်စီငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး (၂) ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်ဆီကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ဒီအကြောင်းမသိရသေးကြောင်း ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်က ပြန်ပြီးဖြေဆိုခဲ့တယ်လို့ SSPP ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

SSPP ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) ကို ပါဝင်လက်မှတ်ရေးထိုးတာ မရှိပေမယ့် စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။