ပြည်သူ့စစ်အဖြစ် ဆယ်နှစ်ကျော်ရပ်တည်ခဲ့တဲ့ စိန်ကျော့အဖွဲ့ SSPP တပ်နဲ့ပြန်ပေါင်း

RFA Burmese
2024.09.05
ပြည်သူ့စစ်အဖြစ် ဆယ်နှစ်ကျော်ရပ်တည်ခဲ့တဲ့ စိန်ကျော့အဖွဲ့ SSPP တပ်နဲ့ပြန်ပေါင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ပြန်လည်ပူးပေါင်းလာသည့် စိန်ကျော့ပြည်သူ့စစ်အဖွဲ့ တပ်ဖွဲ့ဝင်များအား ၂ဝ၂၄ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်။
Photo: SSPP Info

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကနေ ခွဲထွက်ပြီး စစ်တပ်လက်အောက်မှာ ပြည်သူ့စစ်အဖြစ်နဲ့ ၁၄ နှစ်ရပ်တည်ခဲ့တဲ့ စိန်ကျော့ပြည်သူ့စစ်အဖွဲ့က စက်တင်ဘာ (၅) ရက်နေ့မှာ SSPP နဲ့ပြန်ပြီး ပူးပေါင်းလိုက်ပါတယ်။

စိန်ကျော့ပြည်သူ့စစ်အဖွဲ့မှာ SSPP မိုင်းခေး တပ်မဟာ (၃) က တပ်သားတွေလည်းပါဝင်ခဲ့ပါတယ်။ အခုတော့ အဲဒီအဖွဲ့ဝင်တစ်ထောင်လောက်ကို ဥက္ကဋ္ဌ စဝ်လွယ်မောဝ် ဦးဆောင်ပြီး စစ်လက်နက်အပြည့်အစုံနဲ့ ပြန်ပြီးပူးပေါင်းခဲ့ကြတာလို့ အမည်မဖော်လိုတဲ့ နီးစပ်သူတစ်ယောက်က RFA ကိုပြောပါတယ်။

သူတို့ကို ကြိုဆိုတဲ့အခမ်းအနားကို SSPP ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စဝ်ပန်ဖ ကိုယ်တိုင်တက်‌ရောက်ခဲ့ပါတယ်။

Photo: SSPP Info
Photo: SSPP Info

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ဘက်မှာရှိတဲ့ နယ်ခြားစောင့်တပ်တွေထဲမှာ ကိုးကန့်နယ်ခြားစောင့်တပ်ကလွဲလို့ ပြည်သူ့စစ်တွေက သူတို့ရဲ့ မူလတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြန်ပြီး ပူးပေါင်းခဲ့တာတွေလည်းရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ရှမ်းနိုင်ငံရေးလေ့လာသူ တစ်ဦးက RFA ကို ပြောပါတယ်။

“ကောင်းခါးဆိုရင်လည်း ပထမလှိုင်းကတည်းက KIA ထဲ တစ်ဝက်လောက်ရောက်တယ်။ မန်တုံ ပြည်သူ့စစ်လည်း TNLA နဲ့ ပြန်ပူးပေါင်းသွားတဲ့ သဘောမျိုးတွေ့ရတယ်။ နဂိုကတည်းက ပြည်သူ့စစ် ဖြစ်နေတဲ့အဖွဲ့ကလည်း TNLA နဲ့ ‌ပေါင်းတာ ရှိတယ်။ အခုနောက်ဆုံးကတော့ ရှမ်း‌မြောက်မှာ အရင်က အင်အားများခဲ့တဲ့ အုပ်စု၊ စိန်ကျော့ဆိုတာ အရင်က SSA ဌာနချုပ် လုပ်ခဲ့ဖူးတဲ့ နေရာ။ ပြည်သူ့စစ်ဖြစ်နေတဲ့အဖွဲ့က SSPP နဲ့ ပေါင်းတဲ့ သဘောရှိတယ်”

SSPP/SSA ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ် မထိုးထားတဲ့အဖွဲ့ဖြစ်ပါတယ်။

စဝ်လွယ်မောဝ် ဦးဆောင်တဲ့ စိန်ကျော့အဖွဲ့ နဲ့ SSPP တပ်မဟာ (၃) ဖြစ်ခဲ့တဲ့ စဝ်လှမြင့် ဦးဆောင်တဲ့ မိုင်းခေးအဖွဲ့တို့ဟာ ၂၀၁၀ ပြည့်နှစ်လောက်က စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။