ပြည်ပအလုပ်သမားခေါ်ယူမှု ရပ်ဆိုင်းမယ်လို့ မလေးရှားအစိုးရ ပြော
2024.03.08
မြန်မာနိုင်ငံက အလုပ်သမားတွေအပါအဝင် မလေးရှားအစိုးရရဲ့ တရားဝင် Calling Visa (Visa With Reference-VDR) ရထားတဲ့ နိုင်ငံခြားသား အလုပ်သမားခေါ်ယူခွင့်အားလုံးကို လာမယ့်မေလကုန်အထိပဲ ခွင့်ပြုပေးတော့မယ်လို့ မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနနဲ့ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနတို့ပြုလုပ်တဲ့ အစည်းအဝေးဆုံးဖြတ်ချက်ကို ပြည်ထဲရေးဝန်ကြီး Datuk Seri Saifuddin Nasution Lsmail က သတင်းမီဒီယာတွေကိုပြောဆိုပြီး မတ်လ နှစ်ရက်နေ့ကတည်းက သတင်းထုတ်ခဲ့တာ ဖြစ်ပါတယ်။
မလေးရှား အလုပ်ရှင်တွေအနေနဲ့ Calling Visa ခွင့်ပြုချက် ရထားပြီးသားဖြစ်တဲ့ နိုင်ငံခြားသား အလုပ်သမားတွေကိုလည်း နိုင်ငံတွင်းကို မေလ ၃၁ ရက်နေ့ နောက်ဆုံးထားခေါ်ယူဖို့လည်း သတ်မှတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေကြောင့် အခုမတ်ကုန်အထိမှ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပေးတဲ့ Calling Visa မရသေးရင် မလေးရှားကိုသွားရဖို့ မဖြစ်နိုင်တော့ဘူးလို့ ရန်ကုန်မြို့က ပြည်ပ အလုပ်အကိုင် အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက RFA ကိုပြောပါတယ်။
“သူတို့ထုတ်ပြန်ချက်ထဲမှာ မလေးရှားနိုင်ငံက အလုပ်ရှင်တွေက ဗီဇာရရှိထားတဲ့ မြန်မာနိုင်ငံက အလုပ်သမားတွေကို မေလနောက်ဆုံးထားပြီး ခေါ်ယူရမယ်လို့ ပြောထားတယ်။ ဗီဇာလျှောက်ထားခွင့်ကလည်း အခုလနောက်ဆုံးပဲလေ။ ဒါကြောင့် အခုလ ဗီဇာရရင် ရ၊ မရရင် ဘာမှလုပ်လို့မရတော့ဘူး။ ဒါက ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ပြောပြတာပါ။ အလုပ်သမား ခေါ်ယူတဲ့ကိစ္စကလည်း အခုမတ်လထဲမှာ မရှိသလောက် ဖြစ်သွားပါပြီ။ လက်ကျန်ခေါ်စာတွေလည်း ကုန်သွားပြီလေ”
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့ကလည်း မြန်မာနိုင်ငံသားတွေ အများစုနေထိုင်ကြတဲ့ မလေးရှားနိုင်ငံ၊ ဆီလမ်ဂေါပြည်နယ်၊ ဆန်တိုဇာက တိုက်ခန်းတွေကို မလေးရှားရဲတွေ ဝင်စစ်ဆေးလို့ မြန်မာအလုပ်သမားတွေ အပါအဝင် လူတစ်ရာခန့် ဖမ်းဆီးခံခဲ့ရပါတယ်။